မော်လမြိုင် အောက်တိုဘာ ၂၄
မွန်ပြည်နယ် မော်လမြိုင်မြို့တွင် သူနာပြုနှင့်သားဖွားဒီပလိုမာ အောင်လက်မှတ်အပ်နှင်းခြင်း အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ပြည်နယ်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ်၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ပြည်နယ်အစိုးရအဖွဲ့၀င် ဝန်ကြီးများ ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မွန်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက အဖွင့်အမှာစကားပြောကြားရာတွင် သူနာပြုအတတ်ပညာဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ ရုပ်ပိုင်းဆိုင်ရာ (Physical)တစ်ခုတည်းကိုသာမကဘဲ စိတ်ပိုင်းဆိုင်ရာ (Mental)၊ လူမှုရေးရာ(Social)၊ ဉာဏ်ရည်ဉာဏ်သွေး (Intellectual)၊ ကိုးကွယ်ယုံကြည်မှု (Spuritual)စတဲ့ 5 Dimension နဲ့လိုအပ်သလို သူနာပြုစုစောင့်ရှောက်မှုပေးရတာဖြစ်ပြီး “ကုသိုလ်လည်းရဝမ်းလည်းဝ”ဆိုတဲ့ အသက်မွေးမှုပညာရပ်ဖြစ်ပါတယ်။” အာရောဂျံပလာမံလာဘံ” ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုတဲ့ ဆိုးရိုးစကားအတိုင်း မွေးဖွားသည်မှစ၍ လူတိုင်းလူတိုင်းအသက်ရှည်ပြီး အနာမဲ့စေရန်အကျိုးငှာ ရောဂါမဖြစ်ပွားအောင် တားဆီးကာကွယ်ခြင်း၊ ရောဂါဖြစ်ပွားလာပါက ကုသမှုပေးခြင်းစတဲ့ လုပ်ငန်းများအတွက် မိမိတို့တာဝန်ကျရာ ကဏ္ဍအသီးသီးတွင် ဆီလျော်သည့် ပြုစုကုသမှုပေးနိုင်အောင် (၃)နှစ်တာကာလအတွင်း စာတွေ့/ လက်တွေ့သင်ကြားပေးခဲ့ပြီးဖြစ်၍ ပြည်သူကို အလုပ်အကျွေးပြုစုရန် အချိန်ရောက်လာပြီး ဖြစ်ပါကြောင်း ဒါ့အပြင် သစ်လွင်သူနာပြုအားလုံးကို မိမိတို့ဆန္ဒပြုထားတဲ့ နေရာဒေသအသီးသီးမှာ တာဝန်ချထားပြီးဖြစ်လို့ နိုင်ငံ့ဝန်ထမ်းအဖြစ် အနည်းဆုံး (၃)နှစ် တာဝန်ထမ်းဆောင်ကြဖို့လဲ တိုက်တွန်းမှာကြားလိုပါကြောင်း တာဝန်ထမ်းဆောင်ရင်း မိမိတို့ရဲ့ သူနာပြုစုစောင့်ရှောက်မှုအရည်အသွေးတွေ တိုးတက်မြင့်မားလာအောင် ကြိုးစားရင်း ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးပြည့်ဝစွာ ပေးနိုင်အောင် သူနာပြုသစ်လွင် တစ်ဦးချင်းစီက ကြိုးစားကြရမှာဖြစ်ပါတယ်။ တိုင်းကျိုးပြည်ဆောင် နိုင်ငံထူထောင်ရေးနဲ့ တိုင်းကျိုးပြည်ပြု ပြည်သူ့ကျန်းမာရေးလုပ်ငန်းတွေဟာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှု အညွှန်းကိန်း (GDP)တွေထဲမှာ အရေးပါတဲ့နေရာက ပါဝင်လျက်ရှိပါကြောင်း နိုင်ငံတော်အစိုးရအနေနဲ့ အရည်အသွေးပြည့်မီတဲ့ သူနာပြုစုစောင့်ရှောက်မှု လုပ်ငန်းတွေဟာ အများပြည်သူအကျိုးခံစားခွင့်ရရှိစေလို့ နိုင်ငံတော်က ကျန်းမာရေးမူဝါဒအဖြစ် ချမှတ်ထားပါကြောင်း သူနာပြုသားဖွားအတတ်ပညာကို ခေတ်နဲ့အညီ တိုးတက်လာစေပြီး စဉ်ဆက်မပြတ် လေ့လာသင်ယူနိုင်ဖို့ သူနာပြုသားဖွားအတတ်ပညာ အရည်အသွေးပြည့်မီပြီး အဆင့်အတန်းမြင့်မြင့် လေ့ကျင့်သင်ယူနိုင်ဖို့ အသက်မွေးဝမ်းကျောင်းပြုနိုင်ဖို့အတွက်လည်း ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေပါကြောင်း နိုင်ငံတော်က ဦးဆောင်ပြီး ပြည်သူ့ကျန်းမာရေးကဏ္ဍကနေ ကျန်းမာရေးပညာသင်ကြားလေ့ကျင့်ရေးနှင့် ကျန်းမာရေးပညာပေးရေး လုပ်ငန်းတွေကိုအလေးထားဆောင်ရွက်နေချိန်မှာ ကျန်းမာရေးဝန်ထမ်းများ ဖြစ်လာကြတော့မည့် သူနာပြုသားဖွားများဟာ မိမိတို့တတ်ကျွမ်းတဲ့ပညာနဲ့ပြည်သူကို အစွမ်းကုန်စောင့်ရှောက်ကြရမှာဖြစ်ပါကြောင်း သူနာပြုသားဖွားဒီပလိုမာဘွဲ့လက်မှတ် အပ်နှင်းခြင်းခံရတဲ့ သူနာပြုမောင်မယ် (၉၅)ဦးလုံးဟာ စိတ်ဓာတ်ကောင်းကောင်း၊ တာဝန်သိသိ၊ သတ္တိရှိရှိ၊ တာဝန်ကျေကျေနဲ့ နိုင်ငံတော်နဲ့ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများကို နှစ်လရှည်ကြာ ထမ်းရွက်သယ်ပိုးဆောင်ရွက်ကြရန် ပြည်သူလူထုအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို စေတနာပါပါ၊ မေတ္တာစိတ်အပြည့်အဝဖြင့် တာဝန်ထမ်းဆောင်ပေးကြရန် မိမိတို့တတ်မြောက်ထားတဲ့ ပညာတွေနဲ့ အရည်အချင်းပြည့်ပြည့် အဆင့်အတန်းရှိရှိ ဝန်ဆောင်မှုများပေးကြရန် သူနာပြုသားဖွားများရဲ့ ကျင့်ဝတ်၊ သိက္ခာ၊ စည်းကမ်း၊ ဥပဒေများကို လေးစားလိုက်နာပြီး နိုင်ငံ့ဝန်ထမ်းများပီသစွာ တာဝန်ထမ်းဆောင်ပြီး ခေတ်မီသူနာပြုပညာရေးသိပ္ပံဘွဲ့၊ မဟာဘွဲ့၊ ပါရဂူဘွဲ့များကိုလည်း ဆက်လက်သင်ယူနိုင်အောင် ကြိုးစားသွားကြရန် မှာကြားခဲ့သည်။
ထိုနောက် သူနာပြုနှင့် သားဖွားသင်တန်း သား/သူများက သူနာပြုသစ္စာအဓိဌာန်ရွတ်ဆိုပြီး သူနာပြုကျောင်းအုပ် ဒေါ်ညွန်ညွန့်ဟန်က သူနာပြုသင်တန်းကျောင်း အပတ်စဉ် ၄၅ သူနာပြုနှင့် သားဖွားဒီပလိုမာသင်တန်းတွင် အောင်မြင်ခဲ့ကြသည့် သင်တန်းသူ/ သား(၉၅)ဦးအား အောင်လက်မှတ်များကို ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့် (ပြန်/ဆက်)