ဝမ်းတွင်း အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် နတ်နန်းကွင်း၌ စိုက်ပျိုးထားသော မိုးစပါးများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း တောင်သူတစ်ဦးထံမှ သိရသည်။
ဝမ်းတွင်းမြို့နယ်၌ သြဂုတ်လအတွင်း မိုးရွာသွန်းမှုများရှိကာ ကန်များအတွင်း ရေများဝင်ရောက်ခဲ့ပြီး မိုးစပါးများကို စတင်စိုက်ပျိုးခဲ့ရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။ ယခင်နှစ်ကဆိုလျင် စပါးအထွက်နှုန်းမှာ တစ်ဧက တင်း(၆၀)ထိ ထွက်ရှိကာ (၁)တင်းလျှင် (၂၅၀၀၀)ထိ ရရှိခဲ့ကြောင်း ယခုနှစ်တွင်လည်း စိုက်ပျိုးထားတဲ့ စပါးများအောင်မြင်ဖြစ်ထွန်းနေတာကြောင့် တောင်သူများ အနေဖြင့် စပါးရိတ်သိမ်းချိန်တွင် ဈေးကောင်းရဖို့မျှော်လင့်ကြကြောင်း တောင်သူဦးလှိုင်က ပြောပြသည်။
ဝမ်းတွင်းမြို့နယ်အတွင်းရှိ ကွင်းအမှတ် (၁၄၇၄-၁၄၇၅နှင့်၁၄၁၉) ကွင်းတွင် မိုးစပါးစိုက်ပျိုးဧက (၁၅၀)ကျော်ရှိပြီး စပါးစိုက်တောင်သူများအနေဖြင့် မနော်သုခအထွက်တိုးမျိုးများကို အဓိကထား စိုက်ပျိုးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)