ပျားရည်ဈေးကောင်းရရှိနေခြင်းကြောင့် ပျားရှာဖွေသူများဝင်ငွေကောင်းရရှိနေ

ညောင်ဦး အောက်တိုဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့၊ ညောင်ဦးမြို့၊ ငါ့သရောက်မြို့အတွင်းရှိ ပျားရှာဖွေသူများ ပျားရည်ဈေးကောင်းရရှိနေသောကြောင့် မိသားစုဝင်ငွေတွက်ခြေကိုက်လျက်ရှိကြောင်း ပျားအုံရှာဖွေရောင်းချသူများထံက သိရသည်။

ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်၊ ဂွေကုန်းကျေးရွာ၊ လက်ပံအိုင့်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ကန်ပေါက်ကျေးရွာ၊ ခွေးတောက်ပင်ကျေးရွာ၊  တောင်နောက်ကျေးရွာ၊ ညောင်ဦးမြို့နယ် သူကောင်းတည်ကျေးရွာ၊ အထက်ညဉ့်ကျေးရွာ၊ အောက်ညဉ့်ကျေးရွာ၊ ပုလင်းအနောက်ကျေးရွာ၊ ပုလင်းအရှေ့ကျေးရွာ၊ တောင်ဖက်တန်းကျေးရွာနှင့် ငါ့သရောက်မြို့ အောင်သာကျေးရွာ၊ ကန်သာယာကျေးရွာ၊ ဆင်သားမွေကျေးရွာတို့သည် တနှစ်ပတ်လုံး ပျားအုံရှာဖွေကာ ပျာရည်ထုတ်ယူရောင်းချခြင်းများဖြင့် မိသားစုစားဝတ်နေရေး ဖြေရှင်းပြေလည်နေကြကြောင်း ပျားရှာဖွေလုပ်ကိုင်နေသည့် ဦးကျော်စိုးကရှင်းပြသည်။ ပျားရှာဖွေသူများသည် ပျားနားဋောင်း၊ ပျားကြီးအုံ၊ ပစ်သုန်းပျား၊ ပရင်း(ယင်း) ပျားအုံများရှာဖွေ ကာရောင်းချနေကြောင်း၊ ပျားနားဋောင်းအုံသည် အငယ်စားပျားအုံအမျိုးအစားဖြစ်ကာ၊ ပစ်သုန်းပျားသည် အခေါင်းရှိသောသစ်ပင်များတွင် အသိုက်အအုံဖွဲ့နေကြပြီး၊ ပရင်း(ယင်း) ပျားသည် သစ်ပင်အခေါင်းကျယ်နှင့် မြေတွင်းကျယ်များအတွင်း အုံဖွဲ့နေကြကြောင်း သိရသည်။ ပျားနားဋောင်းအုံသည် ပျားရည် အနည်းငယ်သာပါရှိပြီး ပျားကြီးအုံတစ်အုံရလျှင် ပျားရည် ၂၅ ကျပ်သားမှ ၅၀ ကျပ်သားထိပါရှိကြောင်း သိရသည်။

ပရင်း(ယင်း)ပျားအုံတွေ့လျှင် ပျားလုပ်သားတို့ပျော်ကြပြီး ပျားသလပ်(က်)အနည်းဆုံး ငါးချပ်မှ ပျားသလပ်(က်) ၁၅ ချပ်ထိပါရှိကြောင်း၊ အထပ်လိုက်အုံဖွဲ့နေသော ပျားမျိုးဖြစ်သည့်အတွက် ပျားရည်အလွန်ကြည်လင်ကာ ပရင်း(ယင်း)ပျားရည်ရလျှင် ပျားရှာဖွေသူတို့ပျော်ကြကြောင်း၊ ပျားရည်တစ်ပိသာမှ ငါးပိသာထိပါရှိတတ်ကြောင်း ကျောက်ပန်းတောင်းမြို့နယ် ဂွေကုန်းကျေးရွာ ပျားရှာဖွေသူ ဦးသန်းထွန်းက ရှင်းပြသည်။ ပျားအုံမှရရှိသည့် ပျားရည်နှင့်အတူ ပျားချီးသည်လည်း ဆေးဖက်ဝင်ကာ အမျိုးသမီးများ သွေးဆုံးနာဖြစ်လျှင် ပျားချီးစားပေးခြင်းဖြင့် ဆေးအဖြစ်အသုံးပြုကြကြောင်း၊ ပျားရည်တစ်ပိသာ ၁၀၀၀၀ ကျပ်မှ ၁၂၀၀၀ ကျပ် ရောင်းချနေရကာ တစ်ရက်လျှင် ပျားရှာဖွေသူများ တစ်ပိသာမှ လေးပိသာထိ ရှာဖွေရောင်းချရခြင်းကြောင့် ပျားအုံရှာဖွေပျားရည်ရောင်းချသူများ မိသားစုစီးပွားရေးဝင်ငွေကောင်းနေကြောင်း သိရသည်။

ဒီပါလင်း