မော်လမြိုင် အောက်တိုဘာ ၂၄
မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သော ဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယမန်နေ့ညနေပိုင်းတွင် မွန်ပြည်နယ် ဥပဒေချုပ်ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ်ဦးမြင့်အောင်က သင်တန်းသား/သူများအနေဖြင့် သင်တန်းမှပို့ချလိုက်သော သင်ခန်းစာများကို မိမိတို့လုပ်ကိုင်ဆောင်ရွက်နေရသောလုပ်ငန်းခွင်တွင် လက်တွေ့နှင့်ပေါင်းစပ်ပြီး ယခင်ကထက် ပိုမိုကျွမ်းကျင်စွာဖြင့် လုပ်ငန်းများကိုဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ မိမိတို့၏စိတ်ဓာတ်၊ စည်းကမ်းနှင့် စွမ်းဆောင်ရည်များ မြင့်မားစေရေးအတွက် စဉ်ဆက်မပြတ် လေ့လာ၊ သင်ယူ၊ နာခံ၊ မှတ်သားနေကြရန်မှာကြားလိုကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရက ယုံကြည်စိတ်ချရသော ဝန်ထမ်းကောင်းများဖြစ်စေရန်၊ စိတ်ကောင်းစေတနာကောင်းများဖြင့် ပြည်သူကိုဝန်ဆောင်မှုပေးနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန် လမ်းညွှန်မှာကြားခဲ့ပါသည်။
ထို့နောက် မွန်ပြည်နယ်ဥပဒေချုပ်က သင်တန်းတွင် ပထမ၊ ဒုတိယနှင့် တတိယ ထူးချွန်ဆုများရရှိခဲ့ကြသော သင်တန်းသူများအား ဂုဏ်ပြုလက်မှတ်နှင့် ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်း၊ မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်က သင်တန်းသား/ သူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ခြင်း၊ သင်တန်းတွင်သင်ကြားပို့ချပေးခဲ့သော ဆရာ၊ ဆရာမများနှင့် ကူညီဆောင်ရွက်ပေးခဲ့သော ဝန်ထမ်းများအား ဂုဏ်ပြုငွေများပေးအပ်ချီးမြှင့်ခြင်းခဲ့သည်။
ထို့နောက် သင်တန်းသား/သင်တန်းသူများကိုယ်စား သင်တန်းသားတစ်ဦးက ကျေးဇူးတင်စကားပြောကြားခြင်း၊ မွန်ပြည်နယ်ဥပဒေချုပ်နှင့် မွန်ပြည်နယ်ဥပဒေအရာရှိတို့က ထူးချွန်ဆုရသင်တန်းသူများနှင့်အတူ မှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ပြီး သင်တန်းသို့ သင်တန်းသား/သူ(၄၀)ဦးတက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ၂၁-၁၀-၂၀၂၃ မှ ၂၃-၁၀-၂၀၂၃ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။
ခင်စန်းမြင့်(ပြန်/ဆက်)