ကျောက်တံတားမြို့နယ် ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်/စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်းကျင်းပ

ကျောက်တံတား အောက်တိုဘာ ၂၄

စာဖတ်ရှိန်မြင့်မားလာစေရေးနှင့် လူငယ်လူရွယ်များအသိအမြင် ဗဟုသုတများကြွယ်ဝလာပြီး အပြန်အလှန်ဆွေးနွေးတတ်သည့် အလေ့အထကောင်းများ ပေါ်ထွန်းလာစေရေးအတွက်ရည်ရွယ်၍ အောက်တိုဘာ (၂၄)ရက်နေ့ နံနက်(၁၀)အချိန်က ရန်ကုန်တိုင်းဒေသကြီး ကျောက်တံတားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပညာ့အလင်းစာကြည့်တိုက်တွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book  Club)အဖွဲ့ဝင်များနှင့် လူငယ်လူရွယ်များ တွေ့ဆုံ၍ စာဖတ်ဝိုင်းကျင်းပခဲ့ကြောင်း သိရသည်။

စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book  Club)ဉက္ကဋ္ဌ (ကိုယ်စား)မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က စာဖတ်ဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားကာ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book  Club) အဖွဲ့ဝင် လူငယ်များက စာရေးဆရာမ ခင်စောတင့်၏ စွန့်စားမှုဆီသို့ ခြေတစ်လှမ်းနှင့် အတွေးအမြင်စာစုများ စာအုပ်ဖြင့် အပြန်အလှန်ဖတ်ကြားဆွေးနွေးခဲ့သည်။

ယင်းနောက် မြို့နယ်ဦးစီးမှူး ဦးရဲနောင်ချစ်က ယနေ့လူငယ်များအနေဖြင့် အောင်မြင်မှုကိုရရှိဖို့ ဇွဲရှိဖို့လိုကြောင်း၊ အောင်မြင်မှုကိုရရှိဖို့ ပထမဆုံးခြေလှမ်းသည် အရေးကြီးပါကြောင်း၊ မျိုးဆက်သစ်လူငယ်များဖြစ်သည့်အတွက် အသိပညာ၊ အတတ်ပညာများ ပြည့်ဝနေစေဖို့ စာများများဖတ်ဖို့လိုကြောင်းစသဖြင့်  ပြန်လည်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

မောင်အေးချမ်း