မန္တလေး အောက်တိုဘာ ၂၄
နေပြည်တော်တွင် ကျင်းပပြုလုပ်မည် ဗဟိုအဆင့်(၂၄)ကြမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲသို့ မန္တလေးတိုင်းဒေသကြီးမှ ပြိုင်ပွဲဝင်အနုပညာရှင်များသည် အောက်တိုဘာ ၂၂ ရက်နေ့နံနက် ၇ နာရီအချိန်က မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ အနှိပ်တော်ရပ်ကွက်၊ ၆၆လမ်း၊ ၂၀×၂၂လမ်းကြားရှိ အမျိုးသားဇာတ်ရုံမှ စုပေါင်းထွက်ခွာကြသည်။
အဆိုပါ ပြိုင်ပွဲဝင်အနုပညညရှင်များအား မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးလုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး နေလင်းစိုး၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ် စိန်လွင်၊ စည်ပင်သာယာရေးရာဝန်ကြီး ဦးကျော်ဆန်း၊ စီးပွားရေးရာဝန်ကြီးဦးသိန်းဌေး၊ သယံဇာတ ရေးရာဝန်ကြီးဦးရွှေဇင်၊ လူမှုရေးရာဝန်ကြီးဦးအောင်မင်း၊ ဥပဒေချုပ်ဦးမြင့်အောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးဝေဇင်ထွန်း၊ အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်ဦးအောင်စန်းဦး၊ အောင်မြေသာစံခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူးဦးအောင်ဆွေနှင့်တာဝန်ရှိသူများက လာရောက် တွေ့ဆုံအားပေးနှုတ်ဆက်ကြကြောင်း သတင်းရရှိသည်။
အမျိုးသားယဥ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ် ဦးကျော်သူရ ဦးဆောင်၍ ဦးစီးအုပ်ချုပ်သူများ၊ ပံ့ပိုးသူများ၊ ပြိုင်ပွဲဝင်အနုပညာရှင်များ စုစုပေါင်း ၃၅၂ ဦးတို့သည် မော်တော်ယာဥ် ၁၄ စီးဖြင့် နေပြည်တော်သို့ ထွက်ခွာသွားကြကြောင်း သိရသည်။
မြင့်မော်ထွန်း