ရန်ကင်း အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ရပ်ကွက်နေပြည်သူလူထုအခြေပြုလျက် အသက်(၉)နှစ်ပြည့်ပြီးနှင့် အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံခြင်းကို ယနေ့နံနက် ၉ နာရီက ရန်ကင်းမြို့နယ်အမှတ်(၁)ရပ်ကွက် အရိယမဂ္ဂင်လမ်းရှိ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကာကွယ်ဆေးများထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံခြင်းဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒေါက်တာသီသီလတ်နှင့် ကျန်းမာရေးဝန်ထမ်းများက မြို့နယ်အတွင်းရှိ အသက်(၉)နှစ်ပြည့်ပြီးနှင့် အသက်(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား ကာကွယ်ဆေးနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားကာ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)များကို စနစ်တကျထိုးနှံပေးခဲ့ကြသည်။
ရန်ကင်းမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးကို အခြေခံပညာကျောင်းများကို အခြေပြု၍စက်တင်ဘာလအတွင်း စတင်ထိုးနှံပေးခဲ့ရာ ယခုအခါ အောက်တိုဘာလတတိယပတ်တွင် ပြည်သူလူထုအခြေပြုကာကွယ်ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ဆက်လက်ဆောင်ရွက်ပေးခြင်းဖြစ်ကာ ပြည်သူလူထုအခြေပြုအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်တာဝန်ရှိသူများမှ လာရောက်ပူးပေါင်းကူညီခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံလိုပါက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ယခုလမကုန်မီ စာရင်းပေးသွင်းနိုင်ကြောင်း သိရှိရပါသည်။
ရဲမင်း(ပြန်ဆက်)