ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း Biometric Enrollment And UID Management System အသုံးပြု အချက်အလက်ကောက်ယူခြင်းလုပ်ငန်း ကြည့်ရှုအားပေး၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းနှင့်တွေ့ဆုံ

စစ်တွေ အောက်တိုဘာ ၂၄

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူးရုံး၊ စစ်တွေခရိုင်၊ စစ်တွေမြို့နယ်ရုံးတို့မှ ဝန်ထမ်းများက ရခိုင်ပြည်နယ်အစိုးရအဖွဲ့ရုံး၌ Biometric Enrollment And UID Management System အသုံးပြုအချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြသည်။

ဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများက ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့်ဇနီး ဒေါ်ဆွေဆွေမြတ်၊ ပြည်နယ်တရားလွှတ် တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးများနှင့် မိသားစုဝင်များ၊ အစိုးရအဖွဲ့ရုံးဝန်ထမ်းများအား Biometric Enrollment And UID Management System အသုံးပြု အချက်အလက်ကောက်ယူခြင်းလုပ်ငန်းကို ဆောင်ရွက်ကြသည်။

ထိုသို့ စာရင်းကောက်ယူခြင်း လုပ်ငန်းဆောင်ရွက်နေမှုအား ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြပြီး သိရှိလိုသည်များကို မေးမြန်းကြရာ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်ဦးစီးမှူး ဦးစောနိုင်က ပြန်လည်ရှင်းလင်းတင်ပြသည်။

Biometric Enrollment And UID Management System အသုံးပြု အချက်အလက်ကောက်ယူပြီးသူများကို Database တွင် သိမ်းဆည်း၍ ဂဏန်း ၁၀ လုံးပါဝင်သော Unique ID နံပါတ်တစ်ခုစီ သတ်မှတ်ထုတ်ပေးထားပြီး National ID ထုတ်ပေးနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့်အတူ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ရုံးအစည်းအဝေးခန်းမ(၂)တွင် ရခိုင်ပြည်နယ် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ရခိုင်ပြည်နယ်အတွင်းရှိ မြို့နယ်များမှ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များက တစ်ဦးချင်းမိတ်ဆက် စကားပြောကြားကြပြီး ရခိုင်ပြည်နယ် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းဥက္ကဋ္ဌ ဦးစောမြင့်သန်းက ရခိုင်ပြည်နယ်အတွင်း စားသုံးဆီများဖြန့်ဖြူးရောင်းချနေမှု၊ လက်ရှိဆောင်ရွက်နေမှု အခြေအနေများပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းအနေဖြင့် ဆီရရှိမှု၊ ဖြန့်ဖြူးရောင်းချနေမှုနှင့် မိမိတို့ဒေသအကျိုးအတွက် ဆောင်ရွက်နေမှုများကို တင်ပြပေးသည့်အတွက် ကျေးဇူးတင်အသိအမှတ်ပြုပါကြေင်း၊ အသင်းအဖွဲ့ကိစ္စဖြစ်သည့်အတွက် တစ်ဦးတစ်ယောက် လုပ်ဆောင်၍ မရပါကြောင်း ဥက္ကဋ္ဌအပါအဝင်အသင်းဝင်များနှင့် တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်သည့်အတွက် ရရှိသောဆီများကို အစိုးရကသတ်မှတ်ထားသည့် ဈေးနှုန်းများအပေါ်တွင် အခြေခံပြီး မိမိတို့၏ အမြတ်အစွန်းပေါ်တွင် အခြေမခံဘဲရောင်းချပေးခြင်း၊ ပြည်သူလူထု၏လိုအပ်ချက်ကို ဖြည့်ဆည်းပေးခြင်းသည် အားလုံးပူးပေါင်းဆောင်ရွက်သည့် ရလာဒ်ဖြစ်ကြောင်း၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ မြို့နယ်အလိုက် ဆီဖြန့်ဖြူးရောင်းချမှုများကို လူချင်းမတွေ့ဆုံရသော်လည်း သတင်းများတွင် တွေ့နေရကြောင်း၊ မိမိတို့ဒေသသည် စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းကို အဓိကထားဆောင်ရွက်သော ဒေသဖြစ်ကြောင်း၊ ခရီးသွားလုပ်ငန်းလည်း တချို့တဝက်လုပ်ဆောင်နေကြကြောင်း၊ စိုက်ပျိုးရေးတွင် ဆန်စပါးကိုအဓိကထား စိုက်ပျိုးကြကြောင်း၊ ထိုအထဲတွင် မိုးစပါးကိုသာ အဓိကအားထားစိုက်ပျိုးကြပြီး သီးထပ်သီးညှပ်ဖြစ်သည့် ဆောင်းသီးနှံကို နည်းနည်းသာ စိုက်ပျိုးကြကြောင်း၊ မိမိတို့အနေဖြင့် သီးထပ်အနေဖြင့် ဆီထွက်သီးနှံကို အားပေးလုပ်ဆောင်လျက်ရှိကြောင်း၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များသည် မိမိတို့တတ်နိုင်သည့်ဘက်မှ နိုင်ငံတော်အတွက် လုပ်ဆောင်နေကြသူများဖြစ်ခြင်းကြောင့် မိမိတို့ဒေသတွင် ဆီထွက်ရှိနိုင်အောင် ကြိုးစားလုပ်ဆောင်ကြစေလိုကြောင်း၊ ဆီထွက်သီးနှံဖြစ်သည့် မြေပဲ၊ နေကြာများကို အသင်းအဖွဲ့အလိုက် စုပေါင်းစိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်း၊ မိမိတို့ဒေသတွင် ဆီထွက်သီးနှံစိုက်ပျိုး၍ ရရှိနိုင်သော မြို့နယ်များတွင် မြေပဲတို့နေကြာတို့ကို စိုက်ပျိုးနိုင်အောင် အားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နောင်တစ်ချိန်တွင် ရခိုင်ပြည်နယ်မှထွက်ရှိသောဆီများကို တိုင်းဒေသကြီးနှင့်ပြည်နယ်များသို့ ဖြန့်ဖြူးနိုင်အောင် လုပ်ဆောင်ပေးကြစေလိုကြောင်း၊ အသင်းအဖွဲ့စည်းမျဉ်းစည်းကမ်းများနှင့်အညီ ပူးပေါင်းဆောင်ရွက်ကြပါ၊ မိမိတို့အစိုးရအဖွဲ့အနေဖြင့်လည်း ဆောင်ရွက်သင့်ဆောင်ရွက်ထိုက်သည်များကို ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်းနှင့် မိမိတို့အသင်းအဖွဲ့အကျိုး၊ မိမိတို့ဒေသအကျိုးအတွက် တစ်ဦးနှင့်တစ်ဦး ပူးပေါင်းကူညီကြကာ မိမိတို့ဒေသမှ ဆီထွက်သီးနှံနှင့်ပတ်သက်၍ ထုတ်လုပ်ရောင်းချနိုင်အောင် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးများနှင့် တက်ရောက်လာကြသူများက ရခိုင်ပြည်နယ်အတွင်း ဆီထွက်သီးနှံများ တိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးနှင့် ဆီလုံလောက်စွာဖြန့်ဖြူး ရောင်းချနိုင်ရေးအတွက် အကြံပြုဆွေးနွေး တင်ပြကြပြီး ပြည်နယ်ဝန်ကြီးချုပ်က နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)