လားရှိုး အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့တွင် ခေတ်မီဆန်းသစ်ပြီး လူငယ်များအတွက် အမှတ်တရ ဓါတ်ပုံရိုက်ခြင်း၊ စာဖတ်ခြင်းများဖြင့် အေးအေးဆေးဆေး အနားယူအပန်းဖြေနိုင်သည့် ကော်ဖီဆိုင်လေးများ ဖွင့်လှစ်မှုများလာကြောင်း သိရသည်။
“ကိုဗစ်ကာလပြီး နောက်ပိုင်းနှစ်တွေမှာ လားရှိုးမြို့က စားသောက်ဆိုင်တွေက ပုံစံတစ်မျိုးပြောင်း လာတယ်။ ကော်ဖီဆိုင်လေးတွေကို သီးသန့်ဖွင့်လှစ်မှု များလာတယ်။ ကော်ဖီဆိုင်၊ အအေးဆိုင် ဖွင့်တယ်လို့ဆိုရာမှာ ဝန်ဆောင်မှုကို ကောင်းကောင်းပေးတယ်။ မုန့်တွေကို အဆင့်မီလုပ်တယ်။ ကော်ဖီမှုန့်ကောင်းကောင်းသုံးတယ်။” ဟု ကော်ဖီဆိုင်ဖွင့်လှစ်ရောင်းချသူတစ်ဦးက ဆိုသည်။
အဆင့်မီကော်ဖီဆိုင်များတွင် သောက်သုံးသူများအတွက် ကော်ဖီတစ်ခွက် ငါးထောင်ကျပ်ခန့်နှင့် မုန့်တစ်ခု သုံးထောင်ကျပ်မှ တစ်သောင်းကျပ်ခန့်ထိ ကျသင့်ကြောင်း သိရသည်။
“ခေတ်ဆန်ဆန်ကော်ဖီဆိုင်တွေမှာ သွားထိုင်ရင် ကော်ဖီနဲ့ အအေးတစ်ခွက်ကို အနည်းဆုံး ငါးထောင်ကျပ်လောက် ကျသင့်တယ်။ မိသားစုတစ်စုသွားပြီး ကော်ဖီတစ်ခွက်နဲ့ မုန့်တစ်ခုစီလောက် စားလိုက်ရင် လေးငါးသောင်းလောက်ကုန်တယ်။ ဒီလိုဆိုင်တွေမှာတော့ ကျွန်တော်တို့အတွက် တစ်ခါလောက်ပဲသွားပြီး လှတဲ့နေရာလေးတွေ ဓါတ်ပုံရိုက်တာလောက်ပဲ လုပ်နိုင်တယ်။ အမြဲတမ်းအတွက် ထိုင်နိုင်ဖို့ကတော့ သိပ်မလွယ်လှဘူး။” ဟု လူငယ်တစ်ဦးက ဆိုသည်။
ခေတ်ဆန်ဆန် အလှအပများဖြင့် မွမ်းမံထားသော ကော်ဖီနှင့် အအေးဆိုင်များတွင် လူငယ်ကြိုက် K-Pop Star တို့က အမှတ်တရပုံများဖြင့် အလှဆင်ခြင်း၊ စာအုပ်စာစောင်များကို လှပသော ဒီဇိုင်းများဖြင့် အလှဆင်ခြင်း၊ သစ်ပင်ပန်းမန်များဖြင့် တီထွင်အလှဆင်ခြင်းများဖြင့် အမှတ်တရဓါတ်ပုံရိုက်ကူးနိုင်ရန် ပြင်ဆင်၍ ဖွင့်လှစ်ထားကြသည်ကို တွေ့မြင်ရကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)