မြောက်ဦးမြို့၌ လက်တွေမီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြော

မြောက်ဦး အောက်တိုဘာ ၂၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌  မီးဘေးလုံခြုံရေးနှင့်မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးကို ညောင်ပင်ဈေးရပ်ကွက်၊ ICRC ရုံး၌ ယမန်နေ့နံနက် ၁၁ နာရီအချိန်က  လက်တွေမီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးလှဝင်းက လက်တွေ့မီးငြှိမ်းသတ်မှုသရုပ်ပြပွဲနှင့် အသိပညာပေး ဟောပြောပွဲကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူးက မီးလောင်မှုဖြစ်ပွားသည်ကို မိမိတို့ပတ်ဝန်းကျင်တွင် တွေ့ရှိပါက စိုးရိမ်ထိတ်လန့်မှုမရှိဘဲ အေးဆေးတည်ငြိမ်စွာ မီးငြှိမ်းသတ်နိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်သင့်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့မီးငြှိမ်းသတ်မှုကို သရုပ်ပြသွားမည်ဖြစ်ကြောင်း အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက ဆီမီးလောင်မှုအား မီးငြှိမ်းသတ်မှုကို လက်တွေ့သရုပ်ပြ ရှင်းလင်းခဲ့ပြီး ICRC ရုံးဝန်ထမ်းများအား လက်တွေ့မီးငြှိမ်းသတ်မှုကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။

မြင့်စိုး(ပြန်/ဆက်)