သာစည် အောက်တိုဘာ ၂၃
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အောက်တိုဘာ ၂၁ ရက်နံနက်က ရသစာပေ၏ သဘောသဘာဝ အဖွင့်နိဒါန်း ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ခဲ့ကြောင်းသိရသည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဦးဇော်မင်းထွေး (စာရေးဆရာခန့်စစ်အောင်) က စာဖတ်ဝိုင်းပြုလုပ်ခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဆူးဖြူက ကိုယ်တိုင်ရေးသားသော ရသစာပေ၏ သဘောသဘာဝ အဖွင့်နိဒါန်း ခေါင်းစဉ်ဖြင့် ဆောင်းပါးကိုဖတ်ကြားကာ စာရေးဆရာအလင်းချို (သာစည်)၊ ဆူးဖြူနှင့်ခန့်စစ်အောင်တို့က ဆောင်ပါးတွင်ပါရှိသော အကြောင်းအရာများနှင့် ရသစာပေများကို ဆွေးနွေးကြသည်။ ထို့နောက် တက်ရောက်လာသော စာပေဝါသနာရှင်များက သုတရသစာပေများနှင့် ပတ်သက်ပြီးမေးမြန်းဆွေးနွေးကြရာ စာရေးဆရာများက မိမိတို့သိရှိထားသည်များကို ပြန်လည်မျှဝေဆွေးနွေးပေးကာ တက်ရောက်လာသူများအား အမှတ်တရလက်ဆောင်များ မဲဖောက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ရသလမ်းဆုံ စာဖတ်ဝိုင်းကို လစဉ်ကျင်းပပြုလုပ်ပြီး စာရေးဆရာများက အသိပညာဗဟုသုတများနှင့် စာပေရေးသားနည်းတို့ကို စာပေဝါသနာရှင်များအား မျှဝေပေးပြီး စာဖတ်ကြရန် တိုက်တွန်းပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)