လားရှိုး အောက်တိုဘာလ ၂၄
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီဌာန၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း (လားရှိုး)တွင် ယမန်နေ့နံနက် ၉ နာရီ အချိန်က အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်း အမှတ်စဉ်(၆) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပရာ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်း၊ ပြည်နယ်အစိုးရ အုပ်ချုပ်ရေးအဖွဲ့ခွဲ (ရှမ်းမြောက်) ဥက္ကဋ္ဌ ဦးမျိုးကျော်နှင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်သည်။
အခမ်းအနားတွင် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထွန်းက သင်တန်းဖွင့်အမှာစကား ပြောကြားပြီး၊ အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းမှ ကျောင်းအုပ် ဒေါ်မြမြသင်းက သင်တန်းကာလအတွင်း သင်ကြားပို့ချမည့် ဘာသာရပ်များ၊ လက်တွေ့လေ့ကျင့်ရမည့် သင်ခန်းစာများ၊ သင်တန်းသူများ သင်တန်းကာလအတွင်း အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် စီမံထားရှိမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယတိုင်းမှူးနှင့် အခမ်းအနားသို့ တက်ရောက်လာကြသူများက သင်တန်းထောက်ပံ့ပစ္စည်းများ ခင်းကျင်းပြသထားမှုများကို လိုက်လံကြည့်ရှု အားပေးခဲ့ကြောင်းနှင့် အဆိုပါ သင်တန်းသို့ ရှမ်းပြည်နယ်မြောက်ပိုင်း မြို့နယ်များနှင့် အခြားမြို့နယ်များမှ သင်တန်းသူ စုစုပေါင်း ၃၀ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။
စိုင်းထွန်း(လားရှိုး)