အုန်းချောကျေးရွာ ရန်ကင်းပျံကျဈေး၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်

ပုသိမ်ကြီး အောက်တိုဘာ ၂၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ အုန်းချောကျေးရွာရှိရန်ကင်း ပျံကျဈေးတွင် ဒေသခံပြည်သူများဖြင့် စည်ကားလျက်ရှိပြီး၊ အဆိုပါ ဈေးအတွင်း ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် ရေး အသိပညာပေး လုပ်ငန်းများအား ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး လုပ်ငန်းများဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းသန့်နှင့် တပ်ဖွဲ့ဝင်များ၊ ဒေသခံ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိ ဦးသန်းစိုး၊ ဈေးတာဝန်ခံ ဒုတိယဦးစီးမှူး ဦးခင်ဇော်နှင့် တာဝန်ရှိသူများ ပူးပေါင်း၍ Gas အိုးဖြင့် မီးအသုံးပြုသူများ ကြုံတွေ့နိုင်သည့် အန္တရာယ်များကို လက်တွေ့ရှင်းလင်းပြသခြင်း၊ မီးသတ်ဆေးဗူး အသုံးပြုပုံတို့အား ဈေးအတွင်းရှိ ဈေးရောင်းဈေးဝယ်လာရောက်ကြသည့် ပြည်သူများအား လက်တွေ့ငြိမ်းသတ်နည်းများ ပြသပေးသလို၊ လက်တွေ့ဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် အဆိုပါကျေးရွာအတွင်းသို့ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်၍ အရန်မီးသတ် တပ်ဖွဲ့ဝင်များနှင့်အတူ နေအိမ်များအား မီးကြွင်းမီးကျန်များ မရှိစေရေးနှင့် လျှပ်စစ်မီးအန္တရာယ် ကင်းဝေးစေရေးတို့အတွက် တစ်အိမ်တစ်ဆင်းလိုက်လံ၍ ကြည့်ရှု့စစ်ဆေးခဲ့ပြီး အသိပညာပေး လက်ကမ်းစာစောင်များကိုလည်း ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

 မြို့နယ်(ပြန်/ဆက်)