မိုင်းဖြတ် အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် မြို့နယ်ကြက်ခြေနီအသင်းခွဲရုံးမှ ကြီးမှူးကျင်းပသည့် ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ နည်းပြဆရာများနှင့် အသင်းသားများက မိတ်ဆက်ခြင်းအစီအစဉ်ကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် သင်တန်းနည်းပြဆရာများက သင်ခန်းစာဘာသာရပ်များကို ဆွေးနွေးပို့ချခဲ့သည်။ သင်တန်းတွင် ကြက်ခြေနီအခြေခံမူ (၇)ချက်အပါအဝင် ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ လူနာစမ်းသပ်ခြင်း၊ အရိုးကျိုးခြင်း၊ ပတ်တီးစည်းခြင်းနှင့် လူနာသယ်ဆောင်ခြင်း စသည့် ရှေးဦးပြုစုခြင်းသင်ခန်းစာ ဘာသာရပ်များကို စာတွေ့လက်တွေ့ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ သင်တန်းကို အောက်တိုဘာလ ၂၃ ရက်မှ ၂၅ ရက်နေ့အထိ သုံးရက်ကြာ ဖွင့်လှစ်သင်ကြား သွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၄၅)ဦး တက်ရောက်ကြောင်း သိရသည်။
သန်းထွန်းအေး(ပြန်/ဆက်)