တာချီလိတ်မြို့၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

တာချီလိတ် အောက်တိုဘာ ၂၄

နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ တာချီလိတ်မြို့ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၏ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါသင်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်နှင့် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဌေးဌေးမော်တို့က ထောက်ပံ့ငွေများ ပေးအပ်လှူဒါန်းရာ ဒုတိယကျောင်းအုပ်ကြီး ဒေါ်ခန့်စုယဉ်က လက်ခံရယူပြီး အခမ်းအနားတက်ရောက်လာကြသူများက သင်တန်းသူများအား အခမဲ့ ထောက်ပံ့ပေးမည့် သင်ထောက်ကူပစ္စည်း (၃၈)မျိုးနှင့် သင်တန်းတွင် သင်ကြားပေးမည့် မုန့်များ၊ အဝတ်အထည်များအား ကြည့်ရှုလေ့လာခဲ့ကြသည်။

အဆိုပါ သင်တန်းသို့ သင်တန်းသူ (၃၀)ဦး တက်ရောက်ပြီး သင်တန်းတွင် အဝတ်အထည်ချုပ်လုပ်ခြင်း၊ ဟင်းလျာချက်ပြုတ်ခြင်းနှင့် ဖုန့်ဖုတ်နည်းများကို သင်တန်းကာလ (၅)လကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းဇော်(တာချီလိတ်)