မြစ်သား အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး၊ မြို့နယ်ပြည်သူ့စာကြည့် တိုက်တွင် အောက်တိုဘာ(၂၀)ရက်နေ့မှ စတင်ပြီး နေ့စဉ် နံနက်(၉)နာရီမှ မွန်းလွဲ(၁)နာရီအထိ ကွန်ပျူတာဖြင့် ဗီဒီယိုတည်းဖြတ်နည်း (အခမဲ့ )သင်တန်း ဖွင့်လှစ်ပို့ချခြင်းတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများနှင့်စိတ်ပါဝင်စားသည့် လူငယ်များတက်ရောက် သင်ယူခဲ့ကြကြောင်း သိရသည်။
သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်သီတာအောင်က သင်တန်းဖွင့်လှစ်ပို့ချရခြင်းရည်ရွယ်ချက်များနှင့် အရည်အသွေးရှိသော လူငယ်လူရွယ်များ နည်းပညာမြင့်မားလာစေရန် ဗီဒီယိုများ ပေးပို့တင်ပြရေးနှင့်ဗီဒီယို Software အသုံးပြု၍ ကိုယ်တိုင် ဗီဒီယိုတည်းဖြတ်နိုင်ရန်အတွက် ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း၊ ကွန်ပျူတာဖြင့်ဗီဒီယိုတည်းဖြတ်နည်း အဆင့်ဆင့်နှင့်အရုပ်ဖိုင်၊အသံဖိုင်များအား Power Director အသုံးပြု၍ ကိုယ်ပိုင်ဗီဒီယိုတည်းဖြတ် နိုင်ရန် လက်တွေ့ပြုလုပ် နည်းတို့ကို ကူမဲမြို့ ရွာခိုင်ကြီးကျေးရွာအုပ်စု ရွာခိုင်ကြီးကျေးရွာမှ သင်တန်းနည်းပြဆရာ ဦးအောင်စိုးမင်း(ASOဗီဒီယိုတည်းဖြတ် ရိုက်ကူးရေး)က စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့သည်။
အဆိုပါသင်တန်းကို မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှဝန်ထမ်းများနှင့် စိတ်ပါဝင်စားသည့် လူငယ်များတက်ရောက်သင်ကြားခဲ့ပြီးသင်တန်းကို အောက်တိုဘာ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ (၃) ရက်ကြာ သင်တန်းသူ၊သင်တန်းသား (၁၆)ဦးဖြင့် သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဝင်းမင်းထွန်း(မြစ်သား)