ကျောက်ဆည် အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ ရက်ကွက်/ကျေးရွာပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ စားသုံးဆီနှင့်ပတ်သက်၍ အခက်အခဲမရှိစေရေး Wilmer Myanmar Edible Oil Co.,Ltd ၏ ရည်ညွှန်းဈေးဖြင့်ဝယ်ယူရရှိသော စားအုန်းဆီများအား ဈေးနှုန်းချိုသာစွာဖြင့် စဉ်ဆက်မပြတ် ရောင်းချပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့နယ်နှင့် စဉ့်ကိုင်မြို့နယ်များတွင် စားအုန်းဆီများရောင်းချပေးခဲ့ကြောင်း သိရသည်။
စားအုန်းဆီများရောင်းချရာတွင် Wilmer Myanmar Edible Oil Co.,Ltd ၏ ရည်ညွှန်းဈေး တစ်ပိဿာ ငွေ(၄၂၇၅)ကျပ်ဖြင့် ဝယ်ယူရရှိသောစားအုန်းဆီများကို ကျောက်ဆည်မြို့နယ်ဌာနပေါင်းစုံ စုပေါင်းရုံးဝန်း၌ ဌာနဆိုင်ရာဝန်ထမ်းများအား နေလသုခဆီအရောင်းဆိုင်မှ တစ်ပိဿာ ငွေ(၄၇၆၃)ကျပ်ဖြင့် (၁၁၀၀)ပိဿာကို လည်းကောင်း၊ နယူဖန်စီဆီအရောင်းဆိုင်မှ (၈၈၀)ပိဿာကိုလည်းကောင်း၊ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ နေလသုခဆီအရောင်းဆိုင်မှ (၁၁၀၀)ပိဿာကို လည်းကောင်း၊ စဉ့်ကိုင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ဒေါ်လာဆီအရောင်းဆိုင်မှ (၁၁၀၀)ပိဿာ အသီးသီးရောင်းချပေးခဲ့ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။
သက်မောင်(ကျောက်ဆည်)