ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ပလတ်စတစ်ခြင်းယက်လုပ်မှုသင်တန်း အခမဲ့ ဖွင့်လှစ်

ကျောက်ဆည်  အောက်တိုဘာ  ၂၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ယမန်နေ့နံနက် (၉)နာရီအချိန်က မိသားစုတစ်ဦးချင်း တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ခြင်းဖြင့် အပိုဝင်ငွေရရှိရေး ပလတ်စတစ်ခြင်းယက်လုပ်မှု သင်တန်း (အခမဲ့)ဖွင့်လှစ် ခဲ့ကြောင်းသိရသည်။

သင်တန်းတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်တင်တင်ထွေက ပလတ်စတစ်ခြင်းယက်လုပ်ခြင်းလုပ်ငန်းကို အားလပ်သည့်အချိန်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချပြီး အရင်းအနှီးနည်းနည်းဖြင့် ကုန်ကြမ်းများဝယ်ယူ၍ အိုးမကွာ၊ အိမ်မကွာ ယက်လုပ်ကာ မိသားစုအပိုဝင်ငွေများရရှိအောင် အခမဲ့သင်ကြားပေးခြင်း ဖြစ်ကြောင်း သင်တန်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ အမျိုးအသမီးများအသင်း(Women Club) အဖွဲ့ဝင် ဒေါ်စန်းစန်းဝင်းနှင့် ဒေါ်စန်းစိမ့်စိမ့်မိုးတို့က ပလတ်စတစ်ခြင်း ယက်လုပ်ပုံအဆင့်ဆင့်ကို လက်တွေ့ပြသသင်ကြားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ပလတ်စတစ်ခြင်းယက်လုပ်မှုသင်တန်းသို့ ကျောက်ဆည်မြို့နယ်အတွင်းရှိ ရက်ကွက်/ ကျေးရွာများမှ သင်တန်းသူ(၁၅)ဦး တက်ရောက်ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ အောက်တိုဘာ (၂၃)ရက်နေ့မှအောက်တိုဘာ(၂၅)ရက်နေ့အထိ(၃)ရက်ကြာ သင်တန်းသား/သင်တန်းသူများကိုယ်တိုင် ပါဝင်ပြီး လက်တွေ့သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

သက်မောင်