ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ကျောင်းတိုက်တွင် တရားစခန်းသိမ်းပွဲ ပြုလုပ်

နမ့်ဆန် အောက်တိုဘာလ ၂၄

ရှမ်းပြည်နယ်၊ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့၊ မြို့မဂိုဏ်းချုပ်ကျောင်းတိုက် သာသနာ့ဟိတကာရီ ကျောင်းဆောင် အပေါ်ထပ်တွင် ဝါတွင်း(၃)လ မိုးကုတ်ဝိပဿနာ တရားစဉ်နှင့် လုပ်ငန်းစဉ်ပြန့်ပွားရေး အချိန်ပိုင်းတရားစခန်းသိမ်းပွဲ အခမ်းအနားကို အောက်တိုဘာလ ၂၂ရက်နေ့ ညနေပိုင်း (၆) နာရီ အချိန်က ပြုလုပ်ခဲ့သည်။

အဆိုပါ တရားစခန်းပွဲတော်ကို မြို့မဂိုဏ်းချုပ်ကျောင်းတိုက် ဆရာတော်ဘုရားဦးဝိမလထံမှ ငါးပါးသီလခံယူ ဆောက်တည်ခြင်း၊ ဆရာတော်မှ “ကုသိုလ်ငါးမျိုးနေ့စဉ်ပြု” တရားတော်ကို ဟောပြောခြင်း၊ တရားစခန်းကို ဦးစီးကျင်းပသည့် ဒေါက်တာအရှင်ဉာဏိကမှ “စကားသုံးခွန်းတရားတော်”ကို ဟောပြောခြင်း၊ တရားနာ လာရောက်အားထုတ်ကြသည့် ယောဂီသူတော်စင်များမှ နဝကမ္မဝတ္ထုငွေ ဆက်ကပ်ခြင်း၊ ကျောင်းဆေးသုတ်ရန်နှင့် လျှပ်စစ်မီးအတွက် ဝတ္ထုငွေများ လှူဒါန်းခြင်းများကို ပြုလုပ်ပြီး ဆရာတော်ဘုရားမှ အနုမောဒနာတရား ချီးမြှင့်၍ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်းခဲ့ကြသည်။ အခမ်းအနားအပြီးတွင် တက်ရောက်လာသော ယောဂီသူတော်စင်များအား ဆရာတော်ဘုရား ဦးဆောင်မှုဖြင့် ကံစမ်းမဲများ ဖောက်ပေးကာ အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

နမ့်ဆန်ဒေသ(ပြန်/ဆက်)