သံတွဲ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ သံတွဲမြို့နယ် အမှတ်(၈)ရပ်ကွက်၊ အောင်မြေသာစည် ပရိယတ္တိစာသင်တိုက် ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယ(သာသနဓဇ ဓမ္မာစရိယ) ကြီးမှူး၍ အောင်မြေသာစည် ဓမ္မစကူးလ်သင်တန်းကို ဇွန်လ ၁၈ ရက်နေ့မှ အပတ်စဉ် တနင်္ဂနွေနေ့တိုင်း နံနက် (၇)နာရီမှ (၁၀)နာရီ အထိ ကျောင်းသား/သူ(၂၀၀)ဦးခန့်ဖြင့် ဖွင့်လှစ်ခဲ့ရာ အောက်တိုဘာလ ၂၂ ရက်နေ့တွင် သင်ခန်းစာ နှစ်ဝက်စစ်ဆေးခြင်းနှင့် တေးကဗျာပြိုင်ပွဲကို ကျင်းပခဲ့သည်။
ရှေးဦးစွာ ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယ(သာသနဓဇ ဓမ္မာစရိယ) အဖွင့်ဩဝါဒ မြွတ်ကြားပြီးအောင်မြေသာစည် ဓမ္မစကူးလ်ကော်မတီဥက္ကဋ္ဌ ဆရာကြီး ဦးသန်းစိန်မှ ပြိုင်ပွဲကျင်းပရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး ဓမ္မစကူးလ်ကျောင်းသား/သူများမှ ပြိုင်ပွဲဝင် တေးကဗျာများဖြင့် ကပြဖျော်ဖြေခဲ့ပြီးနောက် ဆရာတော် ဘဒ္ဒန္တတိက္ခိန္ဒြိယ(သာသနဓဇ ဓမ္မာစရိယ)က ဗုဒ္ဓသုတမေးခွန်းများမေး၍ ကျောင်းသား/သူများမှ ပြန်လည်ဖြေကြားခဲ့သည်။ ဆက်လက်၍ ပြိုင်ပွဲဝင် ဆုရရှိသော ကျောင်းသား/သူများအား ဆုများအသီးသီးချီးမြှင့်ပြီးနောက် ဆရာတော်နှင့် ဧည့်ပရိသတ်များက ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု (၃)ကြိမ်ရွတ်ဆို၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြကြောင်းသိရသည်။
နေမျိုးအောင်