တာမွေ အောက်တိုဘာ ၂၄
ရန်ကုန်မြို့တွင်း ခရီးသွားပြည်သူများအနေဖြင့် မြို့တွင်းခရီးသွားလာရာတွင် ဘေးကင်းလုံခြုံပြီး အဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ ဆောင်ရွက်ပေးလျက်ရှိသည့် ဝန်ဆောင်မှုလုပ်ငန်းမျာနှင့် စပ်လျဉ်း၍ မီဒီယာများနှင့်တွေ့ဆုံပြီး ပြည်သူများထံသို့ အသိပေးရှင်းလင်းပွဲ (၈/၂၀၂၃)ကို ယမန်နေ့မွန်းလွဲ(၃)နာရီအချိန်က ရန်ကုန်မြို့ တာမွေမြို့နယ် လေးထောင့်ကန်လမ်းမကြီးပေါ်ရှိ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး တက်ရောက်လာကြသော မီဒီယာများက ရန်ကုန်မြို့တွင်းပြေးဆွဲနေသော City Taxi ယာဉ်များအား ဘေးစတစ်ကာ အဝါလိုင်းကပ်ခြင်းနှင့် ပတ်သက်၍လည်းကောင်း၊ ရန်ကုန်စီးတီးတက္ကစီအသင်းမှ အသစ်ပြောင်းလဲတပ်ဆင်ရမည့် City Taxi Board များအား သက်သာသောစျေးနှုန်းဖြင့် ရောင်းချပေးသွားမည့်အကြောင်းနှင့် ရန်ကုန်မြို့ရှိ ပြည်သူ့ဥယျာဉ်ပန်းခြံတွင် ၂၀၂၃-ခုနှစ် အောက်တိုဘာလ(၂၇)ရက်နေ့မှ (၃၀)ရက်နေ့အထိကျင်းပမည့် သီတင်းကျွတ်မီးထွန်းပွဲတော်နှင့် စျေးရောင်းပွဲတော်သို့ ပြည်သူများအဆင်ပြေချောမွေ့စွာ သွားလာနိုင်စေရေးအတွက် ပွဲကျင်းပသည့်ကာလအတွင်း နေ့စဉ်ည(၉)နာရီခွဲအချိန်၌ သတ်မှတ်ယာဉ်စီးခနှုန်းထားများအတိုင်း ကောက်ခံကာ YBS ခရီးသည်တင်ယာဉ်များဖြင့် ပြေးဆွဲပေးမည့် အခြေအနေများနှင့်ပတ်သက်၍ အသီးသီးမေးမြန်းခဲ့ကြရာ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများက အသီးသီးပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)မှ တွဲဖက်အတွင်းရေးမှူး ဦးလျန်ကျင့်မန်က နိဂုံးချုပ်အမှာစကားပြောကြားခဲ့သည်။
အဆိုပါ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ(YRTC)၏ ဝန်ဆောင်မှုလုပ်ငန်းမျာနှင့်စပ်လျဉ်း၍ ပြည်သူများထံ အသိပေးရှင်းလင်းပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ (YRTC)မှ တာဝန်ရှိသူများ၊ သတင်းမီဒီယာများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင် (ပြန်/ဆက်)