မိုင်းဆတ် အောက်တိုဘာ ၂၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ အဆင့်မြင့်အိမ်တွင်းမှုစက်ချုပ်သင်တန်း အမှတ်စဉ်(၅) သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီက အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်က နိုင်ငံတော်အစိုးရ၏ လမ်းညွှန်မှုနှင့်အညီ ပြည်ထောင်စုတစ်ခုလုံး ဟန်ချက်ညီညီ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရေး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ မြို့ပေါ် တပ်ရင်းတပ်ဖွဲ့များနှင့် ရပ်ကွက်/ကျေးရွာများမှ တက်ရောက်ကြသည့် ကျောင်းအိပ်၊ ကျောင်းစား အဆောင်နေ သင်တန်းသူများအဖြစ် လက်ခံထားပြီး နေထိုင်၊ စားသောက်ရေးနှင့် သင်ထောက်ကူပစ္စည်းများကိုလည်း အမျိုးသမီးအိမ်တွင်းမှု သင်တန်းကျောင်းမှ ထောက်ပံ့ပေးသွားမည် ဖြစ်ကြောင်း၊ သင်တန်းသူများအနေဖြင့် သင်ကြားပို့ချသည့် သင်ခန်းစာများကို ကြိုးစားသင်ယူပြီး သင်တန်းသူအချင်းချင်း ချစ်ခင်ရင်းနှီးစွာ နေထိုင်ကာ တစ်ဦးနှင့်တစ်ဦး ဖေးမကူညီပေးကြရန်နှင့် သင်တန်း စည်းကမ်းများကို လိုက်နာကြရန် လိုကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် အမျိုးသမီး အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်မြသန္တာအေးက သင်တန်းသူ (၃၀)ဦးအား သင်တန်းတွင် သင်ကြားပို့ချမည့် သင်ခန်းစာများနှင့် သင်ထောက်ကူ ပစ္စည်းထောက်ပံ့မှု အခြေအနေများနှင့် အဆင့်မြင့် စက်ချုပ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ (၂၃)ရက်နေ့မှ၊ ၂၀၂၄ ခုနှစ်၊ မတ်လ(၂၂)ရက်နေ့အထိ သင်ကြားပို့သွားမည်ဖြစ်ကြောင်း ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူတို့က သင်တန်းတွင် ထောက်ပံ့ပေးမည့် သင်ထောက်ကူပစ္စည်းများနှင့် ယခင်သင်တန်းသူများ ချုပ်လုပ်ခဲ့သည့် အဝတ်အထည်များကို လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
မြင့်မောင်(မိုင်းဆတ်)