မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးတက္ကသိုလ်၊ မန္တလေးသို့ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ လှူဒါန်းပွဲ ပြုလုပ်

မန္တလေး  အောက်တိုဘာ ၂၄

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသမ္မတနိုင်ငံသံရုံးမှ ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေး တက္ကသိုလ်သို့လှူဒါန်းသည့် တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များလွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို အောက်တိုဘာလ ၂၂ ရက်နေ့ နံနက် ၁၀ နာရီအချိန်က အောင်မြေသာစံမြို့နယ်၊ အိုးဘိုရွှေကျင်ရပ်ကွက်၊ အကွက်(၄၀)ရှိ တိုင်းရင်းဆေးတက္ကသိုလ်(မန္တလေး)ဘွဲ့ နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း၊ မန္တလေးတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးအောင်မင်း၊ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံ အမတ်ကြီး Mr. Vinay Kumar၊ မန္တလေးမြို့အခြေစိုက် အိန္ဒိယကောင်စစ်ဝန်ချုပ်ရုံးမှ ကောင်စစ်ဝန် H.E. Kuljit Singhဘနှင့်အဖွဲ့ဝင်များ၊ကျန်းမာရေးဝန်ကြီးဌာနရုံး ညွှန်ကြားရေးမှူးချုပ် ဦးစိန်ဝင်း၊ တိုင်းရင်းဆေးပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ စုစုဒွေး၊ မန္တလေးမြို့ပါ်ရှိ ဆေးနှီးနွယ်တက္ကသိုလ်များမှ ပါမောက္ခချုပ်များ၊တိုင်းရင်းဆေးတက္ကသိုလ် (မန္တလေး) ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ သိန်းဇော်လင်း၊ ဒုတိယပါမောက္ခချုပ် ဦးဝင်းဟန်၊ မော်ကွန်းထိန်း ဦးမြင့်အေးနှင့် ဌာနမှူးများ၊ ဆရာ/ ဆရာမများ၊ အောင်မြေသာစံ ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေနှင့် တာဝန်ရှိသူများ၊ ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း ၂၅၀ ဦးခန့်တက်ရောက်ကြသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီး Mr. Vinay Kumar။ က တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ်များ လှူဒါန်းရသည့် အကြောင်းရင်းအားရှင်းလင်း ပြောကြားပြီး ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက ကျေးဇူးတင် ဝမ်းမြောက်ကြောင်း ပြန်လည်ပြောကြားသည်။

ဆက်လက်၍ တိုင်းရင်းဆေးပညာရပ်ဆိုင်ရာစာအုပ် ၇၄ အုပ်အပါအဝင် စုစုပေါင်းစာအုပ် ၁၄၇ ကို အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီးထံ လွှဲပြောင်းပေးအပ်ရာ ပြည်ထောင်စုဝန်ကြီးက လက်ခံရယူပြီး လှူဒါန်းမှုအတွက် ဂုဏ်ပြုမှတ်တမ်းလွှာအား အိန္ဒိယနိုင်ငံသံအမတ် ကြီးထံသို့ ပေးအပ်ကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကြောင်း သိရသည်။

မြင့်မော်ထွန်း