ရန်ကင်း အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ်လူထုအခြေပြုဗဟိုဌာနတွင် စာပေ ချစ်မြတ် နိုးသူများအဖွဲ့(Book Club) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရန်ကင်းမြို့နယ်စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့နာယက ဦးလှတိုး (တိုးထက်)က အဖွင့်အမှာစကားပြောကြားခဲ့သည်။
ထို့နောက် ရန်ကင်းမြိုနယ်စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) ဥက္ကဋ္ဌ ဦးတင်မောင်ဝင်း (ဖေအောင်ဝန်)က ယခုလိုပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကင်းမြို့နယ်စာရေး ဆရာများပူးပေါင်းပြီး စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့လေးကို ဖွဲ့စည်းထားခြင်းဖြင့် ဝမ်းသာဂုဏ်ယူမိပါကြောင်း၊ Book Club အဖွဲ့အနေနှင့်ပြည်သူတွေကို စာပေဖြန့်ဖြူးပေးရခြင်းအားဖြင့်လည်း အကျိုးရှိပါကြောင်း၊ ယနေ့လူငယ်နောင်ဝယ်လူကြီးဆိုသည့်အတိုင်း လူငယ်တွေကိုလက်တွဲခေါ်ယူရမည် ဖြစ်ပါကြောင်း၊ နိုင်ငံအတွက် စာရိတ္တမဏ္ဍိုင်သည် အရေးကြီးပါကြောင်း၊ ယဉ်ကျေးလိမ္မာပြီး ဗဟုသုတကြွယ်ဝဖို့ စာပေများများဖတ်ဖို့နှင့် စာပေနှင့်ရင်းနှီးကျွမ်းဝင်ဖို့လိုပါကြောင်း၊ ယခုကျွန်တော်တို့ Book Club အဖွဲ့မှ စာပေချစ်မြတ်နိုးသူတွေ၊ လူငယ်တွေအတွက် စာဖတ်ဝိုင်းတွေ၊ စာပေဆွေးနွေးပွဲတွေ၊ စာပေစကားဝိုင်းတွေကို ပူးပေါင်းဆောင်ရွက်ပေးကြဖို့လိုကြောင်း ဆွေးနွေးပြောကြားခဲ့ပါသည်။
ယင်းနောက် တက်ရောက်လာသော ရန်ကင်းမြို့နယ် စာပေချစ်မြတ်နိုးသူများ (Book Club) အဖွဲ့ အတွင်းရေးမှူး စာရေးဆရာမ မအေးပွင့်နှင့် စာရေးဆရာများဖြစ်ကြသည့် ရန်ကင်းမောင်မြတ်နိုး၊ ဇွန်ဖြူ(ပညာရေး)၊ ပျိုပျို(ယောဂ)၊ ရန်ကင်းမာလာမြင့်၊ ညွန့်ညွန့်(ကလော)၊ မြင့်ချိုချို(စက်မှုတက္ကသိုလ်)နှင့် အဖွဲ့ဝင်များက ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့်ပတ်သက်၍ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)