သာကေတ အောက်တိုဘာ ၂၄
သာကေတမြို့နယ် ကျက်သရေဆောင် ဇိနမာရ်အောင်စေတီတော် ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့မှကြီးမှူး၍ နှစ်စဥ်ကျင်းပမြဲဖြစ်သော သီတင်းကျွတ်ဆီမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲအကြို အသံမစဲမဟာပဋ္ဌာန်းကျမ်းမြတ်ပူဇော်ပွဲကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါစေတီတော်ဝင်းအတွင်းရှိ ဝိမုတ္တိရသဓမ္မဗိမာန်၌ ကျင်းပသည်။
အခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ရွှေဟင်္သာကျောင်းဆရာတော်က ရောင်ခြည်တော်ဖွင့် ဘုရားပင့်ဖိတ်ပူဇော်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး တိုင်းသံဃနာယကဥက္ကဋ္ဌ ဒွိပိဋကဓရ၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇဘဒ္ဒန္တအဂ္ဂသာမိထံမှ ငါးပါးသီလခံယူဆောက်တည်ကြခဲ့သည်။ ထို့နောက်သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂) ဦးညွှန့်ဝေ၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်နိုင်ဝင်း၊ စေတီတော်ဂေါပကဥက္ကဋ္ဌ ဦးသောင်းအေးနှင့် ဂေါပကအဖွဲ့ဝင်များ၊ အလှူရှင်များက သံဃာတော်အရှင်သူမြတ်များကို လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်ပြီး သာကေတမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ မဟာဂန္ထဝါစကပဏ္ဍိတ၊ သာသနတက္ကသီလဓမ္မာစရိယ B.A ဘဒ္ဒန္တသောဘန (အောင်မော်စံ ဒုတိယနာယကဆရာတော်)ထံမှ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ တရားတော်နာယူခဲ့ကြပြီး ဘဒ္ဒန္တဓမ္မပါလက နတ်ဗြဟ္မာများကို ပင့်ဖိတ်ကာ ဘဒ္ဒန္တသုန္ဒရနှင့် ဘဒ္ဒန္တပညာစက္ကတို့က ပဋ္ဌာန်းအမေးအဖြေများပြုလုပ်ပြီး ရပ်ကွက်သံဃနာယကဥက္ကဋ္ဌ ဘဒ္ဒန္တတေဇောဘာသက ပဋ္ဌာန်းရွတ်ဖတ်ရန် တိုက်တွန်းနိုးဆော်လွှာကို ဖတ်ကြားခဲ့သည်။
ထို့နောက် ကြွရောက်လာကြသည့် သံဃာတော်အရှင်သူမြတ်များနှင့် ဧည့်ပရိတ်သတ်များက ပဋ္ဌာန်းပစ္စယုဒ္ဒေသကို သုံးကြိမ်သံပြိုင်ရွတ်ဖတ်ပြီး အလှည့်ကျဘာဏကဆရာတော် (၁၅) ပါးတို့က မဟာပဋ္ဌာန်းကျမ်းမြတ်ကြီးကို အလှည့်ကျရွတ်ဖတ်ပူဇော်ခဲ့ကြသည်။ အဆိုပါအသံမစဲ မဟာပဋ္ဌာန်းကျမ်းမြတ်ကြီးကို အောက်တိုဘာ ၂၅ ရက်ထိ သုံးရက်ရွတ်ဖတ်ပူဇော်မည်ဖြစ်ကြောင်း သိရှိရသည်။
ဆောင်းနှင်းဖြူ (ပြန်/ဆက်)