တွံတေး အောက်တိုဘာ ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့ပြည်သူ့ဆေးရုံသို့ အဖွဲ့ခေါင်းဆောင် ဒေါက်တာမင်းသန့်ဇင် ဦးဆောင်သော ရန်ကုန်ဆေးတက္ကသိုလ် (၂)နောက်ဆုံးနှစ် အပိုင်း (က) ကျောင်းသား၊ ကျောင်းသူများ ကွင်းဆင်းလေ့လာခြင်းကို ယမန်နေ့နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး မြို့နယ်ဆရာဝန်ကြီး ဒေါက်တာမျိုးဇော်လှက ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားပြီး မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများနှင့် ဆေးတက္ကသိုလ်ကျောင်းသား၊ ကျောင်းသူများ အပြန်အလှန် မိတ်ဆက်ကြကြောင်း သိရသည်။
ထို့နောက် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမျိုးဇော်လှက မြို့နယ်ကုသရေးဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် မြို့နယ်ပြည်သူ့ကျန်းမာကျန်းမာရေး လုပ်ငန်းဆောင်ရွက်နေမှုများအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး တွံတေးမြို့နယ် ပြည်သူ့ဆေးရုံမှ သူနာပြုဆရာမကြီး ဒေါ်နုနုယဥ်က ဆေးရုံသူနာပြုလုပ်ငန်းစဥ်များအကြောင်းကို လည်းကောင်း၊ မြို့နယ်ကျောင်းကျန်းမာရေးဌာနတာဝန်ခံ ဒေါက်တာမိုးမိုးစံက ကျောင်းကျန်းမာရေး လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ကျန်းမာရေးမှူးအဆင့်(၂) ဒေါ်နော်သတောမှ HMIS လုပ်ငန်းများအကြောင်း၊ ကျန်းမာရေးမှူးအဆင့် (၂)ဒေါ်သင်းသင်းအေးက ဖွားသေလုပ်ငန်းအကြောင်း၊ ကျန်းမာရေးဆရာမ ဒေါ်နှင်းဝတ်ရည်က TB လုပ်ငန်းဆောင်ရွက်နေမှုအားလည်းကောင်း၊ ကျန်းမာရေးဆရာမ ဒေါ်ချိုချိုမာက ART လုပ်ငန်းနှင့် အာဟာရလုပ်ငန်းအကြောင်း၊ ကျန်းမာရေးမှူးအဆင့် (၂)ဦးတင်မြင့်မှ VBDC လုပ်ငန်းအားလည်းကောင်း၊ မြို့နယ်ကျန်းမာရေးမှူးအဆင့်(၁) ဦးလှစိုးက NCD လုပ်ငန်းနှင့် သဘာဝဘေးအန္တရာယ်ကာကွယ်ရေးလုပ်ငန်းအကြောင်း၊ ကျန်းမာရေးမှူးအဆင့် (၂)ဒေါ်သန္တာက EPI လုပ်ငန်း၊ ကူးစက်ရောဂါများအကြောင်း၊ လူမှုရေးအသင်းအဖွဲ့များဖြစ်သော ကြက်ခြေနီ၊ မိခင်ကလေးစေင့်ရှောက်ရေးအသင်း၊ စိတ္တသုခလူမှုကယ်ဆယ်ရေး၊ မြတ်သဒ္ဒါလူမှုကယ်ဆယ်ရေးအသင်း၊ မဇ္စျီမလူမှုကူညီရေးအသင်းများက ကျန်းမာရေးဌာနများနှင့် ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသော ရန်ကုန်ဆေးတက္ကသိုလ် (၂)နောက်ဆုံးနှစ်အပိုင်း(က)မှ ကျောင်းသား၊ ကျောင်းများက သိရှိလိုသည်များမေးမြန်းကြရာ သက်ဆိုင်ရာဌာနအလိုက် တာဝန်ယူထားကြသော ကျန်းမာရေးမှူးအဆင့် (၂)များက ပြန်လည်ဖြေကြားပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူ(၃၀)ဦးက တွံတေးမြို့ ပြည်သူ့ဆေးရုံတွင် တက်ရောက်ကုသနေသောလူနာများအား ကွင်းဆင်းလေ့လာ ကြည့်ရှု့ခဲ့ကြကြောင်း သိရသည်။
တွံတေးသား