မိတ္ထီလာ အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့ သူနာပြုသင်တန်းကျောင်း၏ သတ္တမအကြိမ် သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ် အပ်နှင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီအချိန်က တော်ဝင်နန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ သူနာပြုသားဖွားဒီပလိုမာအောင်လက်မှတ်အပ်နှင်းပွဲ အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာမြို့ အထွေထွေရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမင်းသီရိက သင်တန်း ဆင်းအမှာ စကားပြောကြားပြီး သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ညွန့်ညွန့်ရီက ကျေးဇူးတင်စကားပြောကြားသည်။ ထို့နောက် သူနာပြုသင်တန်းကျောင်းမှ သင်တန်းသူ ၅၁ ဦးနှင့် သင်တန်းသား ၂ ဦးတို့အား သူနာပြုသားဖွား ဒီပလိုမာအောင်လက်မှတ်များကို တာဝန်ရှိသူများက ပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ချမ်းသာ