နမ့်ခမ်းမြို့နယ် ဖာလင်(ဖဒဲန်)ကျေးရွာအုပ်စု၌ သတ်မှတ်အသက်ပြည့်မှီသော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေး

နမ့်ခမ်း အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း) ၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၌ အသက်(၉)နှစ်ပြည့်ပြီး  (၁၂) နှစ်ထက်မကျော်သော အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV)ထိုးနှံပေးခြင်းကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက နမ့်ခမ်းမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသဖြစ်သော ဖာလင်(ဖဒဲန်)ကျေးရွာအုပ်စု ကျေးရွာဘက်စုံသုံးခန်းမဆောင်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သားအိမ်ခေါင်းကင်ဆာရောဂါသည် ကမ္ဘာပေါ်တွင် စတုတ္ထမြောက် အဖြစ်အများဆုံး ရောဂါဖြစ်ပြီး အမျိုးသမီးများဦးရေ (၁)သိန်းဦးလျှင် (၁)ဦးနှုန်း ဖြစ်ပွားလျက်ရှိသည်။ သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HVP)ထိုးနှံရန် အသက်(၉)နှစ် ပြည့်ပြီး (၁၂)နှစ်အောက်အတွင်းရှိသူ ၁-၉-၂၀၁၁ ရက်နေ့မှ ၃၁-၈-၂၀၁၄ ရက်နေ့အတွင်း မွေးဖွားသည့် မိန်းကလေးငယ်များအား ဦးစားပေး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း၊ သားအိမ်ခေါင်းကင်ဆာရောဂါသည် ကာကွယ်ဆေးထိုးနှံပြီး ကြိုတင်ကာကွယ်နိုင်သော ရောဂါဖြစ်ပြီး ကြိုတင်ကာကွယ်ခြင်းမရှိဘဲ ရောဂါဖြစ်ပွားပြီးမှ ဆေးကုသလျှင် ရောဂါဖြစ်ပွားမှု၏ အဆင့်အလိုက်ပေါ်၌ ရောဂါပျောက်ကင်းရန် ရာခိုင်နှုန်းနည်းပါးနိုင်ကြောင်း နမ့်ခမ်းမြို့နယ် ကျန်းမာရေးဌာနမှ ဆေးရုံအုပ်ကြီး ဒေါက်တာဦးစိုင်းလှတင်ထံမှ သိရှိရပါသည်။

ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV)ထိုးနှံပေးရာတွင် နမ့်ခမ်းမြို့နယ် ကျန်းမာရေးဌာနမှ ဝန်ထမ်းများက အသက် (၉)နှစ် ပြည့်ပြီး အသက်(၁၂)နှစ် ထက်မကျော်သော အမျိုးသမီးငယ်များအား မွေးစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာခြင်း၊ စာရင်းရေးသွင်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများကို ဆောင်ရွက်ပေးပြီးနောက် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး(HPV)အား ဖာလင်(ဖဒဲန်)ကျေးရွာအုပ်စု၌ အသက်(၉) နှစ်ပြည့်ပြီး (၁၂)နှစ်အောက်အတွင်းရှိသူ အမျိုးသမီးငယ် (၁၀၂)ဦးအား စနစ်တကျ ထိုးနှံပေးခဲ့ကြောင်းနှင့် နမ့်ခမ်းမြို့နယ် တောင်ပေါ်ဒေသတစ်ကျောလုံးရှိ ကျေးရွာအုပ်စုများ၌ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)