နမ့်ခမ်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်ကျေးရွာစီမံကိန်း ရန်ပုံငွေ ထုတ်ချေးပေး

နမ့်ခမ်း အောက်တိုဘာ ၂၃

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေပြည်သူများ ဆင်းရဲမှုလျှော့ကျစေရန်၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့် မိသားစုဝင်ငွေတိုးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ယမန်နေ့ နံနက်ပိုင်းက၂၀၂၃-၂၀၂၄ခု ဘဏ္ဍာရေးနှစ် မြစိမ်းရောင်စီမံကိန်း အကောင်အထည်ဖော်ဆောင်ရွက်မည့် စယ်ဟိုင်းကျေးရွာအုပ်စု၊ ကုန်းဆာကျေးရွာ၌ စီမံကိန်း လည်ပတ်ရန်ပုံငွေထုတ်ချေးခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နမ့်ခမ်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဦးတင့်နိုင်မိုးက မြစိမ်းရောင်ကျေးရွာစီမံကိန်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ပပဝင်းက မြစိမ်းရောင်စီမံကိန်းကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်စေရေး၊ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိလာစေရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ငွေထုတ်ပေးရခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ စီမံကိန်းရန်ပုံငွေထုတ်ချေးပွဲတွင်လည်း မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ကုန်းဆာကျေးရွာအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူ (၃၂)ဦး၊ အရောင်းအဝယ်လုပ်ငန်း လုပ်ကိုင်သူ(၁၂)ဦး စုစုပေါင်း အသင်းသား (၄၄)ဦးကို စီမံကိန်းရန်ပုံငွေကျပ် (၃၉၇၀၀၀၀၀)သိန်းကျပ်တိတိအား မြစိမ်းရောင်ကျေးရွာစီမံကိန်းလက်စွဲစာစောင်ပါ ညွန်ကြားချက်များနှင့်အညီ ထုတ်ချေးပေးခဲ့ကြောင်း သိရှိရပါသည်။

နမ့်ခမ်း(ပြန်/ဆက်)