မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းများ တိုးတက်ရန်နှင့် ကွမ်းသီးများပြည်ပသို့ တင်ပို့နိုင်ရန် ဆောင်ရွက်

လမ်းမတော် ရန်ကုန်  ၂၃

မွန်ပြည်နယ်ရှိ ဆားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊  ဆားလုပ်ငန်းမှ ပို့ကုန်တင်ပို့ခြင်းဖြင့် နိုင်ငံခြားဝင်ငွေရရှိနိုင်ရေးတို့အပြင်  ကွမ်းသီးနှင့်သစ်သီးဝလံများ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့နိုင်ရန်တို့အတွက် မွန်ပြည်နယ် ကုန်သည်စက်မှု အသင်းဥက္ကဋ္ဌနှင့် မွန်ကုန်စည်ဒိုင်၊ ကရင်ပြည်နယ်အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်တို့နှင့် တွေ့ဆုံခဲ့ကြသည်။

မွန်ပြည်နယ်တွင် ဆားလုပ်ငန်းများ မြှင့်တင်နိုင်ရေး၊  ဆားလုပ်တောင်သူများ ရေရှည်ရပ်တည်နိုင်ရေး၊ အရည်အသွေးမြင့် ဆားကြမ်းထုတ်လုပ်နိုင်ရေး၊  ဆားလုပ်ငန်းမှ ပြည်ပသို့တင်ပို့၍ နိုင်ငံခြားဝင်ငွေရရှိနိုင်ရေးတို့ကို  မွန်ပြည်နယ်ကုန်သည်စက်မှုအသင်းမှ ဆွေးနွေးခဲ့သည့်အပြင် မွန်၊ ကရင်လုပ်ငန်း ကဏ္ဍအသင်းအဖွဲ့များမှ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တွင် ထွက်ရှိသော ကွမ်းသီးနှင့် သစ်သီးဝလံများ တရုတ်ပြည်ဈေးကွက်သို့ တင်ပို့နိုင်ရေး၊  ကုန်စည်စီးဆင်းမှု၊ သယ်ယူပို့ဆောင်မှုတွင် လွယ်ကူမြန်ဆန်ချောမွေ့စေရေး၊ စိုက်ပျိုးစရိတ်ချေးငွေများ ရရှိနိုင်ရေးအတွက် အသင်းချုပ်မှ ကူညီချိတ်ဆက်ပေးနိုင်ရန်တို့ကို ဆွေးနွေးတင်ပြခဲ့ကြသည်။

MSME ပြပွဲများတွင် ဒေသထွက်ကုန်များကို ဝင်ရောက်ပြသနိုင်ရေး၊ ဈေးကွက်ရရှိမှုအပိုင်းတွင်လည်း ချိတ်ဆက်ဆောင်ရွက်ပေးသွားမည်ဖြစ်ခြင်း၊ ညီနောင်အသင်းများ သင်းဖွဲ့စည်းမျဉ်းများနှင့်အညီ ဆောင်ရွက်နိုင်ရေး၊ စိုက်ပျိုးရေးစရိတ်ချေးငွေများ ရရှိရေးအတွက် ညှိနှိုင်းဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး  ပို့ကုန်များတင်ပို့ရာတွင် တရားဝင်ဘဏ်စနစ်နှင့် ဆောင်ရွက်ဖို့လိုအပ်ခြင်းနှင့်  ပို့ကုနတင်ပို့မည့် တစ်ဖက်နိုင်ငံ၏ နယ်စပ်ရေးရာဥပဒေများကိုလည်း သိရှိစေလိုခြင်း၊ အသင်းချုပ်နှင့် ပြည်နယ်၊ တိုင်း CCI တို့ ချိတ်ဆက်၍ ကုန်ထုတ်လုပ်ငန်းများ၊ ကုန်သွယ်မှုလုပ်ငန်းများ အားကောင်းစေရန် ဆောင်ရွက်သွားနိုင်ရေးတို့ကို  အသင်းချုပ်ဖက်က ပြန်လည်ဆွေးနွေးခဲ့သည်။

အစည်းအဝေးသို့ ကုန်သည်စက်မှုအသင်းချုပ်ဥက္ကဋ္ဌ ဦးအေးဝင်း၊ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဒေါ်ခိုင်ခိုင်နွယ်၊ဗဟိုအလုပ်အမှုဆောင်များဖြစ်ကြသော ဦးတင်ကိုကိုနှင့် ဦးစိုးနိုင်၊ မွန်ပြည်နယ် ကုန်သည်စက်မှုအသင်းဥက္ကဋ္ဌ ဦးဝင်းထိန်၊ မော်လမြိုင်ကုန်စည်ဒိုင်အသင်းဥက္ကဋ္ဌ ဦးအောင်မျိုးဦး၊ မွန်ပြည်နယ် ကွမ်းသီးအသင်းဥက္ကဋ္ဌ ဦးအောင်နေလင်း၊ ကရင်ပြည်နယ်ဆန်စက်အသင်းဥက္ကဋ္ဌ ဦးအောင်ဇော်ထက်၊ မော်လမြိုင် ကုန်စည်ဒိုင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးဘုန်းမြင့်၊  မွန်ပြည်နယ် ဆားလုပ်ငန်းရှင်အသင်း ဒုတိယဥက္ကဋ္ဌ ဦးသက်ထွန်း၊ မွန်ပြည်နယ်ဒူးရင်းအစုအဖွဲ့၊ ကရင်ပြည်နယ် ကုန်စည်ပို့ဆောင်ရေးအဖွဲ့တို့မှ အတွင်းရေးမှူး၊ တာဝန်ရှိသူများတို့ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 

ကျော်ဆန်းမြင့်