ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများစိုက်ပျိုးထားသည့် ဆောင်းနှမ်းများ အပင်ပေါက်နှုန်းကောင်းခြင်းနှင့်အတူ အောင်မြင်ဖြစ်ထွန်းနေ

ညောင်ဦး အောက်တိုဘာ ၂၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ကျေးလက်တောင်သူများ ကြဲပက်စိုက်ပျိုးထားသည့် ဆောင်းနှမ်းများ အပင်ပေါက်နှုန်းကောင်းခြင်းနှင့်အတူ အောင်မြင်ဖြစ်ထွန်းနေကြောင်းသိရသည်။

ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းများ ကြဲပက်စိုက်ပျိုးခြင်းကို ဩဂုတ်လ၊ စက်တင်ဘာလတို့တွင် ကြဲပက်စိုက်ပျိုးခဲ့ကြောင်း၊ ဆောင်းနှမ်းဟုခေါ်ဆိုသော်လည်း မိုးနှမ်းမျိုးစေ့များကို ကြဲပက်စိုက်ပျိုးကြကြောင်း၊ မိုးအကုန် ဆောင်းအကူးစိုက်ပျိုးခြင်းကြောင့် ဆောင်းနှမ်းဟုခေါ်ဆိုကြကြောင်း ဖွားစောကျေးရွာ တောင်သူဦးစိုးနိုင်က ရှင်းပြသည်။ ညောင်ဦးမြို့နယ် ကျေးရွာအများစု ဆောင်းနှမ်းစိုက်ပျိုးကြပြီး မိုးမှီသည့် နှမ်းစိုက်ပျိုးခြင်းရှိသလို မိုးရွာသွန်းမှုမရှိပဲ စိုက်ပျိုးထားခြင်းရှိကြောင်း ဆောင်းတွင်းအအေးဓာတ်ဝင်ရောက်ချိန် အပင်များ နှမ်းဓာတ်ဖြင့် အောင်မြင်ဖြစ်ထွန်းကြပြီး နိုဝင်ဘာလလောက်တွင် ဆောင်းနှမ်းများ အဖူးဖူး၊ အပွင့်ပွင့်၊ အသီးသီးကြကြောင်း၊ ဆောင်းနှမ်းများ အသီးသီးမှုကောင်းမွန်ပြီး အသီးလုံးတိုင်းအောင်မြင်ကာ ဆောင်းနှမ်းအထွက်နှုန်းကောင်းကြပြီး ပြန်လည်ရောင်းချချိန် ဈေးနှုန်းများလည်းကောင်းကြကြောင်း၊ ညောင်ဦးမြို့နယ်တွင် ဆောင်းနှမ်းစိုက်ပျိုးမှု များပြားကြောင်းလည်းသိရကာ ဆောင်းနှမ်းများအောင်မြင်ဖြစ်ထွန်းနေကြောင်းသိရသည်။

ဒီပါလင်း