မြစ်ကြီးနား အောက်တိုဘာ ၂၂
ကချင်ပြည်နယ်အတွင်း နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ဖွံ့ဖြိုးတိုးတက်ရေး ၂၀၂၄ -၂၀၂၅ ဘဏ္ဍာရေးနှစ် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းစီမံကိန်းများနှင့် စပ်လျဉ်း၍ ကချင်ပြည်နယ် ဒေသဆိုင်ရာ လုပ်ငန်းကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။
လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က နယ်စပ်ဒေသတွင် နေထိုင် သည့် တိုင်းရင်းသားလူမျိုးများ၏ လူမှုစီးပွားဘဝ အခြေခံအဆောက်အဦများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ကောင်းမွန်သည့် အခြေအနေများ တစ်နှစ်ထက်တစ်နှစ် တိုးတက်လာစေရေး၊ ကျေးလက်ဒေသများနှင့် နယ်စပ်ဒေသများကို အခြေခံ၍ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်နယ်ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ သို့ဖြစ်ပါ၍ နယ်စပ်ဒေသ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအတွက် ဌာနအလိုက်အကောင်အထည်ဖော်ဆောင်ရွက် မည့်လုပ်ငန်းများကို စနစ်တကျနှင့် အကျိုးရှိရှိ ထိထိရောက်ရောက်ဖြစ်စေရန်အတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို စေတနာထား၍ မြေပြင်အမှန်အကျိုးရှိသော လုပ်ငန်းများကိုသာ ရွေးချယ်လျာထား ရန်နှင့် ဗဟိုကော်မတီ၏ ဦးဆောင်မှု၊ လုပ်ငန်းကော်မတီလမ်းညွှန်မှုများကို အလေးထားလိုက်နာ ဆောင်ရွက်သွားရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။
ထို့နောက် ကော်မတီအတွင်းရေးမှူး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရက ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်အတွင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစီမံကိန်းများနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွင်း ရေးဆွဲဆောင်ရွက်သွားမည့် လုပ်ငန်းစီမံ ကိန်းများကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ လမ်း၊ တံတားနှင့် အဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် သယံဇာတဆိုင်ရာ လုပ်ငန်း ဆပ်ကော်မတီ၊ စွမ်းအင်နှင့် လျှပ်စစ်ဓာတ်အားဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေးနှင့် ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး၊ သာသနာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လူမှုဝန်ထမ်းနှင့် အသက်မွေးဝမ်းကျောင်းပညာ ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီအသီးသီးတို့မှ ဌာနဆိုင်ရာတာဝန် ရှိသူများက ဘဏ္ဍာနှစ်အလိုက် ပြည်နယ်အတွင်းရှိ မြို့နယ်ပေါင်း ၁၈ မြို့နယ်တွင် ဆောင်ရွက်သွားမည့် လုပ်ငန်းစီမံကိန်းများနှင့် လျာထားရေး ဆွဲမည့် အစီအစဉ်များကို အသီးသီးတင်ပြကြရာ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်း စီမံကိန်းများကို ဦးစားပေးအလိုက် စနစ်တကျစိစစ် ခွဲခြားတင်ပြရန်နှင့် လျှပ်စစ်ဓာတ်အားရရှိရေးအတွက် မဟာဓာတ်အားလိုင်း (National Grid) မရောက်နိုင် သည့် ဒေသများတွင် အသေးစား ရေအား လျှပ်စစ်စီမံကိန်းများလျာထားနိုင်ရေး ကြိုတင်စီမံကိန်းရေးဆွဲ ဆောင်ရွက်သွားရေးနှင့် လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဆောင်ရွက် ပေးခဲ့သည်။
ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်အတူ ပြည်နယ် အားကစားနှင့် ကာယပညာဦးစီးဌာနသို့ သွားရောက်ပြီး ၂၀၂၃ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ် အားကစားပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေး အောက်တိုဘာ ၁ ရက်နေ့မှ စတင်၍ အားကစားဆပ်ကော်မတီအလိုက် စခန်းသွင်းလေ့ကျင့်ဆောင်ရွက်လျက်ရှိသည့် အားကစားသမားများအား သွားရောက်တွေ့ဆုံ အားပေးထောက်ပံ့သည်။
ထို့သို့ သွားရောက်တွေ့ဆုံရာတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်အားကစားပြိုင်ပွဲသို့ ပြည်နယ် ကိုယ်စားပြုရွေးချယ်ထားသော ကိုယ်ကာယ ကြံ့ခိုင်မှုအေရိုးဗစ်အားကစားသမားများ၊ ပိုက်ကျော်ခြင်း အားကစားသမားများနှင့် တိုက်ကွမ်ဒိုအားကစားသမားများအား ပြည်နယ်ဝန်ကြီးချုပ်က အားကစား သမားများအနေဖြင့် မိမိတို့၏ အချိန်များ၊ လုပ်အားများကို ပေးဆပ်လေ့ကျင့်နေရသည့်အတွက် ပြိုင်ပွဲ များတွင် အကျိုးရှိထိရောက် သော အောင်မြင်မှုရရှိအောင် ကြိုးစားယှဉ်ပြိုင်ကြရန်လိုကြောင်း အားပေးပြောကြားပြီး ဆပ်ကော်မတီအလိုက် တာဝန်ရှိသူများနှင့် ကြိုတင် ပြင်ဆင်စုဖွဲ့လေ့ကျင့်မှု အခြေအနေများကို မေးမြန်းဆွေးနွေးကာ အားကစားနည်းအလိုက် ကစားသမားများအတွက် ငွေကျပ် ၅ သိန်းစီကို ထောက်ပံ့ပေးအပ်ခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် အားကစားနည်းအလိုက် ပြင်ဆင်လေ့ကျင့် နေမှုအခြေအနေများကို အားပေးကြည့်ရှုခဲ့ ကြကာ လိုအပ်သည်များကို ဖြည့်ဆည်းပေးနိုင်ရေး တာဝန် ရှိသူများနှင့် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။