ကျောက်တလုံးကြီး အောက်တိုဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ထာအုံကျောင်းတိုက်တွင် တည်ထားကိုးကွယ်တော်မူသော “ဖောင်တော်ဦးမြတ်စွာဘုရား” ဗုဒ္ဓပူဇနိယပွဲတော်နှင့် စုပေါင်းဒါနရေစက်ချအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ထာအုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်ရာ ကျောက်တလုံးကြီးမြို့အတွင်းရှိ ဆရာတော်၊ သံဃာတော်များ၊ အလှူရှင်ဒါယကာများ၊ ဧည့်ပရိတ်သတ်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ သက်တော်ထင်ရှားမြတ်စွာဘုရားအား ရည်မှန်း၍ အလှူရှင်ဒါယကာများ၊ ရပ်နီး၊ ရပ်ဝေးမှအလှူရှင်များ၊ ဒေသခံပြည်သူများက ထာအုံကျောင်းတိုက်တွင် သီတင်းသုံးစံတော်မူသော “ဖော်တော်ဦးမြတ်စွာဘုရား”ကို ဆီမီး၊ နံ့သာ၊ ဆွမ်း၊ သစ်သီးဆွမ်း၊ ခဲဖွယ်ဘောဇဉ်ချိုချဉ်အရသာအဖြာဖြာတို့ဖြင့် ဆပ်ကပ်လှူဒါန်းကြပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အား တည်ခင်းဧည့်ခံခဲ့သည်။
ထို့နောက် ကျောက်တလုံးကြီးမြို့ ထာအုံကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် တရားတော်များအား နာယူကြည်ညိုကြကာ လှူဖွယ်ဝတ္ထုပစ္စည်းများအား ဆက်ကပ်လှူဒါန်းခဲ့ပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြသည်။
အဆိုပါ ကျောက်တလုံးကြီးမြို့ ထာအုံကျောင်းတိုက်တွင် သီတင်းသုံးစံတော်မူသော “ဖောင်တော်ဦးမြတ်စွာဘုရား” ဗုဒ္ဓပူဇနိယပွဲတော်နှင့် စုပေါင်းဒါန ရေစက်ချအလှူတော် မင်္ဂလာအခမ်းအနားကို နှစ်စဉ် သီတင်းကျွတ်လဆန်း(၈)ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိကြောင်း သိရသည်။
သန္တာဝင်း(ပြန်/ဆက်)