သထုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူထုတ်လုပ်သူများအား အယ်နီညို ဖြစ်စဥ်ကြောင့် ငါး၊ ပုစွန်မွေးမြူရေးကဏ္ဍများအပေါ် သက်ရောက်မှုလျှော့ချနိုင်ရေး အသိပညာပေး ဟောပြောပွဲကို ယမန်နေ့၊ နံနက်ပိုင်းက သထုံမြို့ရှိ ပြည်နယ်ငါးလုပ်ငန်းစခန်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းမင်းက အယ်နီညိုဖြစ်စဉ်ကြောင့် ငါးဖမ်းလုပ်ငန်းများတွင် ရေမျက်နှာပြင်အပူချိန်မြင့်မားလာပြီး ရေသတ္တဝါများ၏ အစာကွင်းဆက် ရှားပါးခြင်း၊ ငါးများ ဒေသရွှေ့ပြောင်းသွားနိုင်ခြင်း၊ ငါးထုတ်လုပ်မှု ကျဆင်းလာသည့် အကျိုးသက်ရောက်မှုများဖြစ်ပေါ်လာနိုင်ခြင်း၊ ငါးပုစွန် မွေးမြူရေးကဏ္ဍအတွက် အစာကုန်ကြမ်း ရှားပါးနိုင်ခြင်း၊ မွေးကန်အရည်အသွေး ညံ့ဖျင်းလာခြင်း၊ အပူချိန်လွန်ကဲမှုကြောင့် ကန်ရေများ ခန်းခြောက်လာခြင်း၊ ငါးများ၏ စွန့်ထုတ်အညစ်အကြေးနှင့် ကန်ရေပြင်၌ အောက်ဆီဂျင်ပျော်ဝင်မှု နည်းပါးလာခြင်းတို့ကြောင့် အုပ်စုလိုက်သေဆုံးမှုများ ဖြစ်ပေါ်လာနိုင်သဖြင့် ကြိုတင်ပြင်ဆင်ကာကွယ်နိုင်ရေး နည်းလမ်းများကို အသိပညာပေး ဟောပြောရာ တက်ရောက်လာသူတို့က သိလိုသည်တို့ကို ပြန်လည်မေးမြန်းဆွေးနွေးခဲ့သည်။
အဆိုပါဟောပြောပွဲသို့ သထုံမြို့နယ်အတွင်းရှိ ငါး၊ ပုစွန်မွေးမြူသူများ၊ ငါးဖမ်းလုပ်ငန်း လုပ်ကိုင်သူများ၊ ငါးလုပ်ငန်းစခန်းတာဝန်ခံနှင့် ဝန်ထမ်းများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်