ကျောက်မဲ အောက်တိုဘာ ၂၂
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့် အသက်မွေးပညာသင်တန်းကျောင်း (ကျောက်မဲ) မှ ကြီးမှူး၍ အသေးစားကုန်ထုတ် လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် မိသားစုဝင်ငွေတိုးရေးစီမံကိန်းပါ အမျိုးသမီးများအတွက် ဝင်ငွေတိုးရေးလုပ်ငန်း (စက်ချုပ်) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်(၁၀) နာရီတွင် ကျောက်မဲမြို့နယ်၊ ပိန္နဲကုန်းကျေးရွာတွင် ကျင်းပပြုလုပ်ခဲ့သည်။
သင်တန်းဆင်းပွဲတွင် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးညွန့်ရွှေက အဖွင့်အမှာစကားပြောကြားပြီး ရက်ကန်းနှင့် အသက်မွေး ပညာသင်တန်းကျောင်း (ကျောင်းအုပ်) ဒေါ်ချိုဝင်းလှိုင်က စီမံကိန်းလုပ်ငန်းဆောင်ရွက်ပေးခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။ ယင်းနောက် ကျောက်မဲမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ရဲမှူး စိုးမြင့်က သင်တန်းသူများအား သင်တန်းဆင်း လက်မှတ်များ၊ ကျောက်မဲမြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်လဲ့လဲ့မြင့်က သင်တန်းတွင် ထူးချွန်ပြီး လုပ်ငန်းထူထောင်မည့် သင်တန်းသူ များအား လုပ်ငန်းသုံးပစ္စည်းများ၊ ကျောက်မဲမြို့နယ် ပိန္နဲကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးက သင်တန်းသူများအား သင်တန်းမှထွက်ရှိသော ကုန်ချော ပစ္စည်းများကို အသီးသီးပေးအပ်ခဲ့သည်။
အဆိုပါ သင်တန်းတွင် သင်တန်းသူ(၁၀)ဦးကို ပထမအကြိမ် စက်ချုပ်သင်တန်း (အခြေခံ)အား သင်တန်းကာလ ၃၀ ရက်နှင့် ဒုတိယအကြိမ် (အဆင့်မြင့်) သင်တန်းကာလ ၁၅ ရက်ကြာ ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး သင်တန်းသားများထဲမှ ထူးချွန်ပြီး အမှန်တကယ် လုပ်ငန်းထူထောင် လိုသည့် သင်တန်းသား (၅) ဦးအား ရွေးချယ်၍ လုပ်ငန်းထူထောင်နိုင်ရေးအတွက် ဒေသဖွံ့ဖြိုး ရေးသုံးပစ္စည်းများအား အသုံးပြုခွင့်ပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)