လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်းတိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်

လားရှိုး အောက်တိုဘာ ၂၂

လားရှိုးမြို့ရှိ လားရှိုးလေဆိပ် လေယာဉ်ပြေးလမ်း တိုးချဲ့ခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ လားရှိုးလေဆိပ်သို့ ဆိုက်ရောက်သည့် လေယာဉ်များအတွက် လေယာဉ်ပြေးလမ်းကြောင်း ကို အကျယ်ပေ  ၅၀ ပေအထိ ထပ်မံတိုးချဲ့ဆောက်လုပ်နေခြင်းဖြစ်ပြီး တိုးချဲ့မှုပြီးစီးပါက လေယာဉ်ပြေးလမ်း ကြောင်းအကျယ်မှာ ပေ ၁၅၀ အထိရှိလာမည်ဖြစ်ကြောင်း သိရသည်။

လားရှိုးမြို့သည် ရှမ်းပြည်နယ်(မြောက်ပိုင်း)၏ မြို့တော်ဖြစ်သည်နှင့်အညီ ရှမ်းပြည်နယ် (မြောက်ပိုင်း) ၏ တစ်ခုတည်းသော လေဆိပ်လည်းဖြစ်ကြောင်း သိရသည်။ ရှမ်းပြည်နယ် (မြောက်ပိုင်း)ရှိ မူဆယ်၊ နမ့်ခမ်း၊ လောကိုင်၊ ကွမ်းလုံ၊ ဟိုပန်၊ နမ့်ဆန်၊ ကျောက်မဲ၊ သီပေါ စသည့် မြို့များတွင် နေထိုင်ကြသည့် ဒေသခံများအနေဖြင့် လေကြောင်းခရီးဖြင့် ခရီးသွားလိုပါက လားရှိုးလေဆိပ်တွင် လေယာဉ်လာရောက်စီးနင်းကြရကြောင်း သိရသည်။

လားရှိုးလေဆိပ်မှတစ်ဆင့် ရန်ကုန်၊ မန္တလေး၊ ဟဲဟိုး၊ မြစ်ကြီးနား၊ တာချီလိတ်လေဆိပ်များသို့ ခရီးသွားနိုင်ပြီး လေကြောင်းလိုင်းများအနေဖြင့် ကမ္ဘောဇလေကြောင်းလိုင်း၊ အဲယားသံလွင် လေကြောင်းလိုင်း၊ မန်းရတနာပုံလေကြောင်းလိုင်း၊ မြန်မာ့လေကြောင်းလိုင်းတို့ ပြေးဆွဲလျက်ရှိကြောင်း သိရသည်။

စိုင်းထွန်း(လားရှိုး)