ကာလိ ဇန်နဝါရီ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ကျိုင်းလွန်း(အ.လ.က-ခွဲ)၌ ယနေ့ နံနက်ပိုင်းတွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ ကာလိမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ကွန်ဟိန်းမြို့နယ် ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းဖြူဆိုင်နှင့် ဆရာ၊ ဆရာမများ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများ ၊ ကျောင်းအကျိုးတော်ဆောင်အဖွဲ့များနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားတွင် ရှေးဦးစွာ အဋ္ဌမတန်း ကျောင်းသား၊ ကျောင်းသူများမှ "ဘက်စုံပညာ" သီချင်းဖြင့် သီဆို၍ အခမ်းအနား ဖွင့်လှစ်ခဲ့သည်။ ထို့နောက် မြို့အုပ်ချုပ်ရေးမှူး ဦးရဲမင်းထွန်းနှင့် မြို့နယ်ပညာရေးမှူး ဆရာမကြီး ဒေါ်နန်းဖြူဆိုင် က အမှာစကားပြောကြားပြီး ကျောင်းသားမိဘများကိုယ်စား ကျောင်းအကျိုးတော်ဆောင် အငြိမ်းစားဆရာမကြီး ဒေါ်အေးအေးမြင့်နှင့် ကျိုင်းလွန်းတာဝန်ခံ ကျောင်းအုပ်ဆရာကြီး ဦးရန်နိုင်မျိုးကကျေးဇူးတင်စကားပြောကြားခဲ့သည်။ ဆက်လက်၍ အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများမှ ၂၀၁၈-၂၀၁၉ ပညာသင်နှစ် ထူးချွန်ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီး ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာမျိုးစုံဖြင့် ဖျော်ဖြေတင်ဆက်ပေးခဲ့သည်။ အခမ်းအနားကို သတ္တမတန်းကျောင်းသား၊ ကျောင်းသူများမှ "မြန်မာ့ကျောင်းသား" သီချင်းသီဆို၍ အခမ်းအနား ပိတ်သိမ်းခဲ့ကြကြောင်း သိရသည်။
ဝင်းကျော်(ပြန်/ဆက်)