သထုံ အောက်တိုဘာ ၂၂
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ စေတနာရှင်ပြည်သူများ စုပေါင်း၍ မြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ကြီးများ၌ သီတင်းသုံးနေထိုင်ကြသော ပရိယတ္တိဝန်ဆောင် သံဃာတော်အရှင်မြတ်ထံ ပရိယတ္တိဓမ္မပူဇာ ဆွမ်းဆန်တော်၊ ဆီနှင့် နဝကမ္မလှူဖွယ်များ ဆပ်ကပ်လှူဒါန်းခြင်း အလှူတော်မင်္ဂလာ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီခန့်က ရွှေစာရံစေတီတော်မြတ်ကြီး ရင်ပြင်တော်ပေါ်ရှိ သုဝဏ္ဏဘူမိ သာသနာ့ဗိမာန်တော်၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ သထုံမြို့ သဒ္ဒမဇောတိကာရာမကျောင်းတိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ ဗဟိုသံဃာ့ဝန်ဆောင် ဘန္ဒန္တသုမနာဘိဝံသထံမှ တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ် အပေါင်းတို့က သီလခံယူဆောက်တည်ကြပြီး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးက ပရိယတ္တိဓမ္မပူဇာသဘင်နှင့် ပတ်သတ်၍ သာသနာရေးဆိုင်ရာ ဆောင်ရွက်ချက်များကို တင်ပြလျှောက်ထားသည်။
ယင်းနောက် သထုံတပ်နယ်မှူး ဗိုလ်မှူးကြီး အောင်အောင်ဟိန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးမင်းစိုးနှင့် အဖွဲ့ဝင်များ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်အေးခန့်နှင့် အဖွဲ့ဝင်များ တက်ရောက်လာသူများက ဆရာတော်ကြီးများထံ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းပေးခဲ့ကြပြီး သဒ္ဒမဇောတိကာရာမကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာတရားများနာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်ချ အမျှဝေပေးခဲ့ကြသည်။
အဆိုပါအခမ်းအနားတွင် ပရိယတ္တိပူဇာအဖြစ် မွန်ပြည်နယ်အစိုးရအဖွဲ့မှ ဆန်အိတ်ပေါင်း (၃၀)အိတ် မတည်လှူဒါန်းပေးပြီး ခရိုင်နှင့်မြို့နယ် ဌာနဆိုင်ရာများ၊ ဆန်ကုန်သည်ကြီးများ အသင်းမှ ကိုယ်စားလှယ်များ၊ ဆီလုပ်ငန်းရှင်အသင်းမှ ကိုယ်စားလှယ်များ၊ ဘာသာရေး၊ လူမှုရေးအသင်းအဖွဲ့များနှင့် စေတနာရှင်ပြည်သူများစုပေါင်းကာ သထုံမြို့နယ်အတွင်းရှိ ပရိယတ္တိစာသင်တိုက်ပေါင်း (၃၈)ကျောင်းတို့အတွက် တန်ဖိုးငွေကျပ် စုစုပေါင်း (၂၀၇၈၅၀၀၀) ရှိ ဆွမ်းဆန်၊ ဆီနှင့် နဝကမ္မအလှူငွေတို့ကို ဆပ်ကပ်လှူဒါန်းပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်