မွန်ပြည်နယ်ဝန်ကြီးချုပ် အခြေခံပညာ စာသင်ကျောင်းများစိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်း သာယာလှပရေး ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှု ကြည့်ရှုအားပေး

မော်လမြိုင် အောက်တိုဘာ ၂၂

မွန်ပြည်နယ်အတွင်း အခြေခံပညာစာကျောင်းများ သန့်ရှင်း၍ စိမ်းလန်းစိုပြေပြီး ဥပဓိရုပ် ကောင်းမွန်စေရေး အလေးထား ဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ်ဝန်ကြီးချုပ်  ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက်ပိုင်းက မော်လမြိုင်မြို့၊ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းဝင်းအတွင်းနှင့် မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန Covid-19 Quarantine & Isolation Ward အတွင်း ခြုံနွယ်များ၊ မြက်များနှင့် အမှိုက်များအား ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက်နေပြည်သူများက စာသင်ကျောင်း စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေး ဝိုင်းဝန်း ဆောင်ရွက်နေမှုအပေါ် ကြည့်ရှုအားပေးခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စာသင်ကျောင်းများ ကျောင်းအင်္ဂါရပ် နှင့် ကိုက်ညီမှုရှိပြီး စိမ်းလန်းစိုပြေ၍ သန့်ရှင်းသာယာလှပမှုရှိစေရန်၊ ကျောင်းအကျိုးပြုလုပ်ငန်းများနှင့် ပတ်သက်၍ ဝိုင်းဝန်းဆောင်ရွက်ပေးကြရန် လမ်းညွှန်မှာကြားခဲ့ပြီး စာသင်ကျောင်းဆောင်များအား လှည့်လည် ကြည့်ရှုစစ်ဆေးကာ တာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ကျောင်း၏ လိုအပ်ချက်များအား ဖြည်းဆည်းဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးရှိ ရပ်ကွက်၊ ကျေးရွာများတွင် သန့်ရှင်းသာယာ လှပစေရေးအတွက် ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဆောင်ရွက်လျက်ရှိပြီး အခြေခံပညာ စာသင်ကျောင်းများတွင်လည်း     ကျောင်းသန့်ရှင်းသာယာလှပစေရေးအတွက် ကျောင်းအကျိုးပြု စုပေါင်းသန့်ရှင်းရေးကို အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 ခရိုင်ပြန်/ဆက်