နေပြည်တော် အောက်တိုဘာ ၂၂
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ လိုက်ပါလျက် ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော် (ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံးကြီးအတွင်း၊ အပြင်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ တပ်မတော်သားများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးအဖွဲ့များ၊ ကျန်းမာရေးဝန်ထမ်းများ၊ သူနာပြုများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ပတ်ဝန်းကျင်သန့်ရှင်းသာယာရေး၊ သစ်ပင်များ၊ ချုံနွယ်များ၊ ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေးတို့အတွက် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးပြီး ဆေးရုံးအတွင်း ရေစီးရေလာ ကောင်းမွန်စေရေး၊ ရာသီအလိုက်ပွင့်သည့် ပန်းပင်များစိုက်ပျိုးရေး၊ အမြဲသန့်ရှင်းသာယာရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားပြီး နေပြည်တော်(ခုတင်-၁၀၀၀) ပြည်သူ့ဆေးရုံးကြီးအဝင် လမ်းဘေးဝဲယာတွင် ပတ်ဝန်းကျင် သန့်ရှင်းသာယာရေး၊ ချုံနွယ်များ၊ ပေါင်းမြက်များ၊ သစ်ပင်များ အလင်းဖွင့်ခြင်း၊ ရေနုတ်မြောင်းများ ရေစီးရေလာ ကောင်းမွန်စေရေးတို့ အတွက် သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ ပန်းအလှပင်များနှင့် အရိပ်ရလေကာပင်များ စိုက်ပျိုးထားရှိမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ ရွှေကြာပင် ရပ်ကွက်အတွင်းရှိ မြို့နယ်သံဃနာယကအဖွဲ့ အဖွဲ့ဝင် နန်းဦးပရိယတ္တိစာသင်တိုက်၊ ပဓာနနာယက ဆရာတော်ဂန္တဝါစကပဏ္ဍိတ၊ ဘဒ္ဒန္တဥဇ္ဇောတ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် ဇမ္ဗူသီရိမြို့နယ်၊ တဲကြီးကုန်းကျေးရွာအုပ်စု၊ ရှားတောကျေးရွာရှိ မြို့နယ်သံဃနာယကအဖွဲ့ အကျိုးဆောင် ရှားတောကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တဥတ္တရ မထေရ်မြတ်အား သွားရောက် ဖူးမြော်ကြည်ညိုပြီး ဝါဆိုသင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ဝတ္ထုပစ္စည်း ဆက်ကပ်လှူဒါန်းသည်။
ထိုမှတစ်ဆင့် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တဲကြီးကုန်းကျေးရွာအုပ်စု၊ စိုက်ပျိုးရေး ရှင်းလင်းဆောင်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ပျိုး တောင်သူများနှင့် တွေ့ဆုံ၍ စုပေါင်း မြေဩဇာကြဲပက်ပွဲ အခမ်းအနား တက်ရောက်ပြီး အမှာစကားပြောကြားသည်။
ဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွားဖွံ့ဖြိုး တိုးတက်ရေး၊ စားရေရိက္ခာဖူလုံရေး၊ ကုန်ထုတ်လုပ်ငန်းတိုးမြှင့်ရေးလုပ်ငန်းများကို တစ်နိုင်ငံလုံးတွင် အရှိန်အဟုန်ဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း၊ စိုက်ပျိုးသီးနှံများကို လျာထားသည့် သီးထပ်စွမ်းအား တိုးတက်ရေးအတွက် စနစ်တကျစီမံဆောင်ရွက်ပြီး စိုက်ပျိုးစွမ်းအားများ တိုးတက်အောင် ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း၊ ရည်မှန်းချက်ပန်းတိုင် အထွက်နှုန်းထွက်ရှိနိုင်ရေးအတွက် မျိုး၊ မြေ၊ ရေ၊ နည်းစသည့် နည်းလမ်း (၄)ရပ်ကို နည်းစနစ်မှန်ကန်စွာဖြင့် စိုက်ပျိုးကြရမှာဖြစ်ကြောင်း၊ ထို့အပြင် မြေဆီလွှာများ ပျက်စီးမှုမရှိအောင် ထိန်းသိမ်း သည့်စနစ်ကို လက်တွေ့ကျကျ လိုက်နာဆောင်ကြရမှာ ဖြစ်ကြောင်း၊ ဆောင်းသီးနှံ၊ နွေစပါးနှင့် နွေသီးနှံများကို လျာထားချက် ပြည့်ပြည့်ဝဝ စိုက်ပျိုးနိုင်ရန် ဆောင်ရွက်ရမှာဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက်ကုန်များ၊ မွေးမြူရေး ထွက်ကုန်များ ယခုထက် တိုးတက်ထွက်ရှိအောင် ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ စိုက်ပျိုးရေး လုပ်ငန်းများကို ပြည့်ပြည့်ဝဝ ဆောင်ရွက်နိုင်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်နိုင်မှာ ဖြစ်ကြောင်း၊ လယ်ယာကဏ္ဍကို အပြည့်အဝ အကောင်အထည်ဖော်နိုင်မှသာ ပြည်တွင်းစားရေရိက္ခာ ဖူလုံပြီး ပြည်ပသို့ တင်သွင်းနိုင်သည့် ထုတ်ကုန်များဖြစ်အောင် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ကျေးလက်နေပြည်သူများ၏ ဝင်ငွေတိုးပွားပြီး လူနေမှုဘဝဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုဘဝမြင့်မားရေး၊ စီးပွားရေးကောင်းမွန်ရေးတို့အတွက် သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့် တောင်သူများက လက်တွဲညီညီ စည်းလုံးညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ကြရမှာ ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဇမ္ဗူသီရိမြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦီးဘဌေးက ၂၀၂၃-၂၀၂၄ ခုနှစ် လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး တက်ရောက် လာကြသည့် တောင်သူများက သိလိုသည်များကို မေးမြန်းဆွေးနွေးတင်ပြကြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆွေးနွေးတင်ပြချက်များနှင့်စပ်လျဉ်း၍ ဖြည့်စွက် ဆွေးနွေးပြီး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် တောင်သူများနှင့်အတူ တဲကြီးကုန်း ကျေးရွာအနီး နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် မိုးစပါးစိုက်ခင်းများတွင် သဘာဝမြေဩဇာနှင့် ဓာတ်မြေဩဇာ အချိုးကျရောစပ်၍ စုပေါင်းကြဲပက်နေမှု၊ ကောက်ရိုး၊ ဗေဒါ၊ ရိုးပြတ်၊ နွားချေးများကို သဘာဝမြေဩဇာအဖြစ် ထုတ်လုပ်သုံးစွဲသုံးစွဲမှု၊ တီကောင်မွေးမြူရေးကန်တိုကို ကြည့်ရှုအားပေးခဲ့ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့သည် အလျင်လိုကျေးရွာအုပ်စု၊ နယူးဧရာကုမ္ပဏီ၏ စိုက်ပျိုးရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ မြန်မာနယူးဧရာစိုက်ပျိုးရေးကုမ္ပဏီလီမိတက်မှ တာဝန်ရှိသူများက မျိုးစေ့ထုတ်လုပ်နေမှု ကန်ထရိုက်လယ်ယာစနစ်ဖြင့် ဆောင်ရွက်နေမှု၊ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ဝန်ဆောင်မှုပေးခြင်းလုပ်ငန်းဆောင်ရွက်မှု၊ မိုးစပါးစိုက်ပျိုးထားရှိမှု အခြေအနေများနှင့် ကုမ္ပဏီမှ လက်ရှိလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပြည်တွင်းပြည်ပ ဖြန့်ဖြူးရောင်းချနေမှုများကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လိုအပ်သည်များကို မှာကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် လယ်ဝေးမြို့နယ်၊ ရေကာကျေးရွာအုပ်စု၊ ဇီးဖြူတန်းကျေးရွာရှိ ဇီးဖြူတန်း KC စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ မိုးသည်းထန်စွာရွားသွန်းခဲ့မှုကြောင်း ရုံးပင်ခေါင်းနှင့် ပေါင်းလောင်းမြစိတို့မှ ရေကြီးရေလျှံမှုဖြစ်ကာ ရေကြီးနစ်မြုပ် ပျက်စီးခဲ့သည့် သီးနှံစိုက် ဧကများအတွက် တောင်သူများအား မျိုးစေ့များ ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားတက်ရောက်ပြီး အမှာစကား ပြောကြားသည်။
ထို့နောက် နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦီးဝင်းထိန်က စိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် နေပြည်တော်ကောင်စီအဖွဲ့ဝင်များက ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးခဲ့သည့် ကျေးရွာအုပ်စု (၃)အုပ်စုမှ တောင်သူ(၆၅)ဦးအား ပျက်စီးခဲ့သည့် (၁၄၉)ဧကအတွက် ဆောင်းသီးနှံ စိုက်ပျိုးရန် မြေပဲတင်း(၁၂၀)၊ နှမ်းတင်း(၂၀)နှင့် နေကြာတင်း (၂၀)တို့ကို ထောက်ပံ့ပေးအပ်ရာ တာဝန်ရှိသူများက လက်ခံရယူကြပြီး တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည် ပြောကြားသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက တက်ရောက်လာကြသည့် တောင်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်စကားပြောကြားသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ပြောင်းခေါင်းကြီးကျေးရွာအုပ်စု၊ ပန်းတင်ကျေးရွာအနီးရှိ နိုင်ငံ့စီးပွားမြှင့်ရေး အရင်းမပျောက် မတည်ငွေဖြင့် ဆောင်ရွက်သည့် ဒေါ်မေသွေးကို၏ ဟိန်းမဟာ အသားတိုးကြက် မွေးမြူရေးခြံသို့ ရောက်ရှိရာ တာဝန်ရှိသူများက နိုင်ငံစီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့်ဆောင်ရွက်နေသည့် မွေးမြူရေး လုပ်ငန်းများကို လည်းကောင်း၊ မွေးမြူရေးလုပ်ငန်းရှင် ဦးဟိန်းထက်ကျော်က လက်ရှိ အသားတိုးကြက် မွေးမြူနေမှုနှင့် ရှေ့ဆက်လက် တိုးချဲ့မွေးမြူမည့် အခြေအနေများကို လည်းကောင်းရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး အသားတိုးကြက် မွေးမြူရေးခြံအတွင်း အသားတိုးကြက် မွေးမြူထားရှိမှုများကို ကြည့်ရှုအားပေးခဲ့ကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)