ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မောင်တော အောက်တိုဘာ ၂၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ် အသိပညာပေးနှိုးဆော်ခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင်များက ယမန်နေ့ညနေ ၆ နာရီ အချိန်ခန့် မြို့ပေါ်ရပ်ကွက်များ အတွင်း လိုက်လံနှိုးဆော်ခဲ့ကြသည်။

ထို့သို့ ဆောင်ရွက်ရာတွင် ခရိုင်မီးသတ်ဦးစီးမှူးရုံးမှ  ဒုတိယမီးသတ်ဦးစီးမှူး ဦးဇော်ဦးလှိုင် ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များက မိဘပြည်သူများ၊ လုပ်ငန်းရှင်များ၊ ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ အနေဖြင့် မိမိတို့နေထိုင်ရာ ဌာနဆိုင်ရာ/ရုံးနှင့် နေအိမ်အဆောက်အဉီများတွင် မီးဘေး လုံခြုံရေးအတွက် မီးသတ်ဦးစီးဌာနမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် လိုက်နာဆောင်ရွက် ထားရှိကြရန်နှင့် မော်တော်ယာဉ်များ၊ စက်သုံးဆီဆိုင်များ၊ ဟိုတယ်များ၊ တည်းခိုရိပ်သာများ၊ ဌာနဆိုင်ရာ ရုံးအဆောက်အဦများ၊ တပ်ရင်းတပ်ဖွဲ့များ၊ ပုဂ္ဂလိကရုံးများ၌ မီးဘေးကြိုတင်ကာကွယ်ရန် ထားရှိအပ်သော ရှေးဦး မီးငြှိမ်းသတ်ရေး ပစ္စည်းများဖြစ်သည့် မီးချိတ်၊ မီးကပ်၊ ရေပုံး၊ သဲပုံး၊ မီးသတ် ဆေးဘူးများ၊ တပ်ဆင်ထားရှိကြရန် လိုကြောင်း ၊ မိမိတို့ အဆောက်အဦများအတွင်း တပ်ဆင်ထားသော လျှပ်စစ်ဝါယာကြိုးများ ဟောင်းနွမ်းပျက်စီးနေပါက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် အသစ် လဲလှယ်တပ်ဆင် အသုံးပြုရန် လိုအပ်ပါကြောင်းနှင့် မီးလောင်မှု ဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ပြည်သူ့လူထုများ သိရှိနိုင်ရေးအတွက် အသိပေး လိုက်လံ နှိုးဆော်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ခရိုင်ပြန်/ဆက်)