ကချင်ပြည်နယ်သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့ မြို့မဈေးများ၊ ရေစင်ကွင်းဈေးတို့ ယာဉ်အန္တရာယ်ကင်းရှင်းရေး ဈေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံ၊ မြို့မဈေး(၁)နှင့် (၂)အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ကွင်းဆင်းစစ်ဆေး

မြစ်ကြီးနား အောက်တိုဘာ ၂၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြို့မဈေးများနှင့် ရေစင်ကွင်းဈေး သန့်ရှင်းမှုရှိစေရေးနှင့် ဈေးများအတွင်း မော်တော်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့ ကြပ်တည်းမှုမရှိစေရေးနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးတို့အတွက် ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်သည် ယမန်နေ့ညနေ ၃ နာရီက မြစ်ကြီးနာမြို့ ဈေးခေါင်းရုံး၌ စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများ၊ ဈေးကော်မတီအဖွဲ့ဝင်များနှင့် တွေ့ဆုံသည်။

ထို့သို့ တွေ့ဆုံစဉ် ပြည်နယ်ဝန်ကြီးက မြစ်ကြီးနားမြို့သည် လူဦးရေလူထပ်များပြားလာသည် နှင့်အမျှ မြို့မဈေးများနှင့် ရေစင်ကွင်းဈေးတို့သည် လူသိပ်သည်းမှုအများဆုံးနေရာဖြစ်သည့်အတွက် ဈေးရောင်း/ ဈေးဝယ်များ၊ မော်တော်ယာဉ်များဖြင့် ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး၊ စနစ်တကျ စီမံဆောင်ရွက်သွားရေး၊ အများပြည်သူယာဉ်အန္တရာယ်ကင်းရှင်းစွာဖြင့် လွတ်လပ်စွာ ရောင်း/ဝယ်နိုင်ရေး ရေရှည်အတွက် စီမံချက်ရေးဆွဲဆောင်ရွက်ရန်နှင့် အများပြည်သူပူးပေါင်းပါဝင်နိုင်ရေး တာဝန်ရှိသူများက ဦးဆောင်သွားကြရေး တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်စည်ပင်သာယာရေးအဖွဲ့၊ ညွှန်ကြားရေးမှူး ဦးကျော်လင်း၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ အမှုဆောင်အရာ ဦးလှမိုးနှင့် တာဝန်ရှိသူများနှင့် ဈေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်  များက ဈေးများအတွင်း ယာဉ်ကြောပိတ်ဆို့မှု မဖြစ်စေရေး ဆောင်ရွက်သွားမည့် အစီအစဉ်များ၊ လိုအပ်သည့် ပေါင်းစပ်ညှိနှိုင်းပေးရန်ကိစ္စရပ်များကို အသီးသီးတင်ပြဆွေးနွေးကြရာ ပြည်နယ်ဝန်ကြီးက လိုအပ်သည်များကို ညှိနှိုင်းပေါင်းစပ် ဖြေရှင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးသည် တာဝန်ရှိသူများနှင့်အတူ မြို့မဈေး (၁)နှင့် (၂)အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး စီစဉ်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ရေလုံလောက် စွာရရှိမှုအတွက် စီမံထားရှိမှု အခြေအနေများ၊ ဈေးများသန့်ရှင်းသပ်ရပ်မှု အခြေ အနေနှင့် အရောင်းဆိုင်များ၏ အခြေအနေများနှင့် မြို့မဈေး(၁)နှင့် (၂)ကြား ဈေးကြီးလမ်းတစ်လမ်းတစ်လျှောက် မော်တော်ယာဉ်များဖြင့် ယာဉ်ကြောကြပ်နေမှုကို ဖြေရှင်းဆောင်ရွက်နိုင်ရေး လှည့်လည်ကြည့်ရှုစစ် ဆေးခဲ့ကြကြောင်း သိရသည်။

ပြည်နယ်ပြန်/ဆက်