တောင်သာမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်း ရည်မှန်းချက် တာဝန် ပေးအပ်ပွဲကျင်းပ

တောင်သာ အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး  မြင်းခြံခရိုင် တောင်သာမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဒေသန္တရ စီမံကိန်းနှင့် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ၊ တိုင်းဒေသကြီး ဘဏ္ဍာရန်ပုံငွေ ရင်းနှီးမြှုပ်နှံ့မှု ရည်မှန်းချက်များ  တာဝန်ပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့နံနက် (၉) နာရီခွဲ အချိန်က  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင်  တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းမှ အဖွင့် အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်ဇော်မြင့်မှ အမှာစကားပြောကြားခဲ့သည်။ ထို့နောက်    မြို့နယ် စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်း ဦးစီးမှူး ဦးအောင်ဌေးမှ စီမံကိန်းရည်မှန်းချက်များ အကောင်အထည်ဖော်ဆောင်နိုင်မှု အခြေအနေနှင့် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် စီမံကိန်း ရည်မှန်းချက်များအကြောင်းကို ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်မှ နိုင်ငံပိုင် ရင်းနှီးမြှုပ်နှံ့မှု ရည်မှန်းချက် တာဝန်များ၊ မြို့နယ်စီမံကိန်းရေးဆွဲ အကောင်အထည်ဖော်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးမှ ထုတ်လုပ်မှုဆိုင်ရာကဏ္ဍ ရည်မှန်းချက်တာဝန်များ၊ မြို့နယ်စီမံကိန်း ရေးဆွဲ အကောင်အထည်ဖော်ရေးကော်မတီ အတွင်းရေးမှူး မြို့နယ်စီမံကိန်း ဦးစီးမှူးမှ  ဝန်ဆောင်မှု ဆိုင်ရာကဏ္ဍ ရည်မှန်ချက်တာဝန်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေးအပ်ခဲ့ကြသည်။

တောင်သာမြို့နယ်၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ဒေသန္တရစီမံကိန်းရည်မှန်းချက် GDP (၂၉၇၈၂၁.၁) ကျပ်သန်းရရှိရန်နှင့် တိုးတက်မှု (၂.၉) ရာခိုင်နှုန်း ရရှိရန် ရည်မှန်းထားကြောင်းနှင့် ဒေသဖွံ့ဖြိုးရေးအတွက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းစီမံကိန်းအတွက် ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေ (၂၄၈၀.၁၁၀) ကျပ်သန်းနှင့် တိုင်းဒေသကြီးဘဏ္ဍာရန်ပုံငွေ (၁၁၂၈.၇၇၈) ကျပ်သန်း    စုစုပေါင်း (၃၆၀၈.၈၈၈) ကျပ်သန်းကို ခွင့်ပြုချထားပေးခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)