ရန်ကုန် အောက်တိုဘာ ၂၁
ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ် အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgeny Dmitrievich ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့သည် ယမန်နေ့ ညနေပိုင်းတွင်ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်ရှိရွှေတိဂုံစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော် ကြည်ညိုကြသည်။
ညနေပိုင်းတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌနှင့် အတူလိုက်ပါလာသည့် ပြည်ပဆက်ဆံရေးကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးဌာန အထူးအရာရှိချုပ် Dmitry KRUTOY နှင့် စိန့်ပီတာစဘတ်မြို့ N.P. Napalkov အဆင့်မြင့် ကင်ဆာရောဂါကုသရေးစင်တာ ဒါရိုက်တာ Vladimir M. Moiseyenko တို့သည် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ရောက်ရှိကြရာ ရန်ကုန်ပြည်သူ့ဆေးရုံကြီး Training Center ၌ ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာသီတာလှက နှုတ်ခွန်းဆက်စကားပြောကြားပြီး ကင်ဆာဆေးပညာဌာနပါမောက္ခ/ဌာနမှူးပါမောက္ခဒေါက်တာမျိုးမြင့်မော်ကကင်ဆာဆေးပညာဌာနအကြောင်းကိုလည်းကောင်း၊ ဓာတ်ရောင်ခြည်ကင်ဆာကုဌာနပါမောက္ခ/ဌာနမှူးပါမောက္ခဒေါက်တာမိုးလှိုင်က ဓာတ်ရောင်ခြည်ကင်ဆာကုဌာနအကြောင်းကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ Napalkov အဆင့်မြင့် ကင်ဆာရောဂါကုသရေးစင်တာ ဒါရိုက်တာ Vladimir M. Moiseyenko က Napalkov အဆင့်မြင့်ကင်ဆာရောဂါကုသရေးစင်တာတွင် လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက်အထူးအရာရှိချုပ်နှင့်အဖွဲ့က ခေတ်မီကင်ဆာဆေးကုသမှုလုပ်ငန်းများနှင့်စပ်လျဉ်း၍နှစ်နိုင်ငံနည်းပညာ အပြန်အလှန်ဖလှယ်ရေး၊ ဆေးပညာကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ကို ဆွေးနွေးကြသည်။
ထို့နောက် အထူးအရာရှိချုပ်နှင့် ပါမောက္ခချုပ်(ဆေးရုံအုပ်ကြီး/ကုသရေး) ဒေါက်တာသီတာလှတို့သည် ဓာတ်ရောင်ခြည်ဖြင့် ကုသမှုပေးသည့်စက်ခန်းများ၊ Brachytherapy ဖြင့် ကုသမှုပေးသည့်စက်ခန်း၊ PET/CT, Cyclotron Center နှင့် ကင်ဆာဆေးပညာအတွင်းလူနာဌာနများသို့ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရသည်။
အောင်မြင့်(ပြန်/ဆက်)