မော်လမြိုင် အောက်တိုဘာ ၂၁
မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သောဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စည်းကမ်း၊ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းကို ယနေ့နံနက်ပိုင်း တွင် မွန်ပြည်နယ်ဥပဒေချုပ်ရုံးရှိ သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
အခမ်းအနားတွင် မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်က သင်တန်းကို ရည်ရွယ်ချက်(၆)ရပ်ဖြင့် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများအနေဖြင့် မိမိနိုင်ငံကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ မိမိနိုင်ငံ၊ အမျိုး၊ ဘာသာ၊ သာသနာကို ချစ်ခင်မြတ်နိုးတန်ဖိုးထားတတ်စေရန်၊ စည်းကမ်းကောင်းမွန်သော အလေ့အကျင့်ကောင်းများ မွေးမြူတတ်စေရန်၊ ဝန်ထမ်းများ အရည်အသွေး၊ စွမ်းဆောင်ရည်များ တိုးတက်ကောင်းမွန်မှုရှိစေရန်တို့အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် သင်ကြားပို့ချသော သင်ခန်းစာများကို မိမိတို့၏ လက်တွေ့လုပ်ငန်းခွင်တွင် အသုံးချခြင်းဖြင့် နိုင်ငံ့တာဝန်များကို ထိရောက်စွာနှင့် ကျေပွန်စွာထမ်းဆောင်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ သင်တန်းသား/သူများအနေဖြင့် သင်တန်းမှ ပို့ချသည်များကို အပတ်တကုတ် ကြိုးစားသင်ယူကြဖို့ မှာကြားလိုကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံတော်အစိုးရက ယုံကြည်စိတ်ချရသော ဝန်ထမ်းကောင်းများဖြစ်စေရန်၊ စိတ်ကောင်း စေတနာကောင်းများဖြင့် ပြည်သူကို အလုပ်အကျွေးပြုနိုင်သည့် ဝန်ထမ်းကောင်းများဖြစ်အောင် ကျင့်ကြံနေထိုင်ကြရန် လမ်းညွှန်မှာ ကြားခဲ့ပါသည်။
အဆိုပါ အခမ်းအနားသို့ မွန်ပြည်နယ်ဥပဒေချုပ် ဦးမြင့်အောင်နှင့် မွန်ပြည်နယ်ဥပဒေအရာရှိ ဒေါ်မိုးနှင်းလွင်၊ မွန်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေအရာရှိများနှင့် မွန်ပြည်နယ်အတွင်းရှိ အဆင့်ဆင့်သောဥပဒေရုံးများတွင် တာဝန်ထမ်းဆောင်လျက်ရှိကြသော ဥပဒေရုံးများမှ သင်တန်းသား/သူ အမှုထမ်း(၄၀)ဦးတို့ တက်ရောက်ခဲ့ကြကြောင်းနှင့် သင်တန်းကို ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၁ ရက်မှ အောက်တိုဘာ ၂၃ ရက်နေ့ထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်