မောင်တော အောက်တိုဘာ ၂၁
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့၌ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော်အသစ်တင်လှူပူဇော်နိုင်ရန်အတွက် အလှူငွေများပေးအပ်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန် သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားသို့ ဆရာတော်သံဃာတော်အရှင်သူမြတ်များ၊ အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီးကျော်သူဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသောဧည့်ပရိတ်သတ်များ တက်ရောက်ခဲ့ကြသည်။ ဦးစွာ မိုခါမုန်တိုင်းဘေးကြောင့်ပျက်စီးခဲ့သော မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော်အသစ်တင်လှူပူဇော်နိုင်ရန်အတွက် အမှတ်(၁၅)နယ်မြေခံ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ စစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်းနှင့် အရာရှိစစ်သည်မိသားစုဝင်များမှ လှူဒါန်းငွေကျပ် ၂၀ သိန်းနှင့် ဦးဆန်းဝင်း(MOBILE LIKE)ဖုန်းရောင်းဝယ်ရေး၊ မန္တလေးမြို့မှ လှူဒါန်းငွေကျပ် ၃၀ သိန်းတို့အား ဗိုလ်မှူးချုပ်သူရိန်ထွန်းမှ လှူဒါန်းပေးအပ်ရာ ဘဏ္ဍာငွေရှာဖွေရေးကော်မတီ ဥက္ကဋ္ဌဦးအောင်မြင့်သိန်းက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့သည်။ ထို့နောက်မောင်တောခရိုင်အတွင်းရှိ နေထိုင်ကြသော ပြည်သူလူထုများမှ လှူဒါန်းငွေများကို တာဝန်ရှိသူများက အသီးသီးလှူဒါန်းပေးအပ်ရာ မြို့ဦးရွှေစည်းခုံဆံတော်မြတ် စေတီဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းသိန်းနှင့် ဂေါပကအဖွဲ့ဒုတိယ ဥက္ကဋ္ဌဦးကျော်အေးမောင်တို့ကလက်ခံရယူပြီး အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခဲ့ကြသည်။ ထို့နောက် မြို့နယ်သံဃနာယကအဖွဲ့ဝင် အောင်မြေဗောဓိသာသနာ့ရိပ်သာ(အလိုတော်ပြည့်)ကျောင်းတိုက်၏ ဦးစီးပဓာန နာယက မြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီတော် ဩဝါဒစရိယမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တမဏိသာရ အရှင်သူမြတ်မှသရနိယဩဝါဒ ဂါထာချီးမြှင့်ခဲ့ပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့သည်။
အဆိုပါ မိုခါမုန်တိုင်းဘေးကြောင့် ပျက်စီးခဲ့သောမြို့ဦးရွှေစည်းခုံဆံတော်မြတ်စေတီ ရွှေထီးတော်အသစ်တင်လှူပူဇော်နိုင်ရန်အတွက် စုစုပေါင်းအလှူငွေလက်ခံရရှိမှုမှာ ၂၁၅၅၀၀၀၀ ကျပ်တိတိဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး၊ အောင်ကျော်စိန်