ကျောက်တလုံးကြီးမြို့ ကောင်ဝိန်းဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော်ဘဒ္ဒန္တနန္ဒမာလာ၏ သက်တော်(၅၁)နှစ်ပြည့် ဝိဇာတအလှူတော်မင်္ဂလာ အခမ်းအနားကျင်းပ

ကျောက်တလုံးကြီး အောက်တိုဘာ ၂၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ ကျောက်တလုံးကြီးမြို့ ကောင်ဝိန်းဘုန်းတော်ကြီးကျောင်း ပဓာနနာယက ဆရာတော် ဘဒ္ဒန္တနန္ဒမာလာ၏ သက်တော်(၅၁)နှစ်ပြည့် ဝိဇာတအလှူတော်မင်္ဂလာအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကောင်ဝိန်းဘုန်းတော်ကြီးကျောင်းတွင် ကျင်းပပြုလုပ်ရာ ကျောက်တလုံးကြီးမြို့အတွင်းရှိ  ဆရာတော်၊ သံဃာတော်များ၊ ဧည့်ပရိသတ်များ တက်ရောက်ကြသည်။

ရှေးဦးစွာ သံသရာဝဋ်ဆင်းရဲ ဝဲဩယအတွင်းမှ ထွက်မြောက်ရာမှန် မြတ်နိဗ္ဗန်ကိုရည်မှန်း၍ ဆရာတော်၏ မွေးနေ့မင်္ဂလာတော်၌ သက်တော်ထင်ရှား မြတ်စွာဘုရားအားရည်မှန်း၍ ဆီမီး၊ နံ့သာ၊ ဆွမ်း၊ သစ်သီးဆွမ်း၊ ခဲဖွယ်ဘောဇဉ် ချိုချဉ်အရသာအဖြာဖြာတို့ဖြင့် ဆပ်ကပ်လှူဒါန်းပြီး ပြုပြီး၊ပြုဆဲ ကုသိုလ်ကောင်းမှုအစုစုတို့၏ အဖို့ဘာဂကို (၃၁)ဘုံ၌ကျင်လည်ကြကုန်သော အနန္တသတ္တဝါတို့အား အမျှပေးဝေပြီး ကြွရောက်လာသော ဧည့်ပရိတ်သတ်အပေါင်းတို့အား တည်ခင်းဧည့်ခံခဲ့သည်။

ထို့နောက် ‌ကျောက်တလုံးကြီးမြို့ ကောင်ဝိန်းဘုန်းတော်ကြီးကျောင်း  ပဓာနနာယကဆရာတော် ဘဒ္ဒန္တနန္ဒမာလာထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွားချီးမြှင့်တော်မူသည့် တရားတော်များအား နာယူကြည်ညိုကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကြောင်း သိရသည်။

သန္တာဝင်း(ပြန်/ဆက်)