အလုံ အောက်တိုဘာ ၂၁
လူငယ်များအသိပညာဗဟုသုတများနှင့်ပြည့်စုံပြီး၊ ဗလငါးတန်နှင့်ပြည့်စုံသောလူငယ်များ ပေါ်ထွန်းလာစေရန်နှင့် လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ အလုံမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်ရေးရာအသိပညာပေးဟောပြောပွဲနှင့် အားကစား ပစ္စည်းများ လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက အလုံမြို့နယ်အမှတ်(၄) အခြေခံပညာ အထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ ကျင်းပပြု လုပ်ကြောင်း သိရသည်။
အခမ်းအနားတွင် အားကစားနှင့်လူငယ်ရေးရာ လက်ထောက်ညွှန်ကြားရေးမှူး ဦးအေးချိုတူးကလူငယ်အင်အားစွမ်းပကားဖြင့် နိုင်ငံဂုဏ်ရောင် အလင်းဆောင်ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခဲ့ပြီးနောက် မြန်မာ့အားကစားလက်ရွေးစင်ဟာင်းများအသင်း စားပွဲတင် တင်းနစ် လက်ရွေးစင်ဟောင်း ဆရာကြီး ဦးဘဝင်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊နောက်ပိုင်းခရိုင် အားကစားမှူး ဦးမျိုးမင်းသန်းတို့က လူငယ်နှင့်အားကစားအကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။
ဆက်လက်၍ Fitness Danceနှင့်ရိုးရာခြင်းလုံးအားကစားအဖွဲ့မှ သရုပ်ပြကစားခဲ့သည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမင်းဆွေဦးက အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီးထံ ပေးအပ်လှူဒါန်းခြင်းနှင့် အလုံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဆန်းထွန်းက သရုပ်ပြ အားကစားအဖွဲ့အား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သူဇာနှင်း (ပြန်/ဆက်)