ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ကျေးလက်ကုန်ထုတ် လမ်းခင်းခြင်းနှင့်  Slab Culvert တည်ဆောက်ခြင်းလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေး

မိတ္ထီလာ  အောက်တိုဘာ ၂၁

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ဒေသထွက်ကုန်များ သယ်ယူပို့ဆောင်ရာတွင် အဆင်ပြေစေရန် ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းနှင့် Slab Culvert   တည်ဆောက်ခြင်းလုပ်ငန်းများအား ယမန်နေ့က တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း   ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မိတ္ထီလာခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကွပ်ကဲမှုအောက်ရှိ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်း၊ သာစည်မြို့နယ်များအတွင်းရှိ ကျေးရွာများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၏ ထုတ်ကုန်များ၊ မြို့ပေါ်သို့ အချိန်နှင့်တပြေညီ ရောက်ရှိရေး၊ လေလွင့် ဆုံးရှုံးမှုနည်းပါးစေရေးတို့အတွက် ကျေးလက်ကုန်ထုတ်လမ်းများကို ဆောင်ရွက်ပေးလျက်ရှိသည်။ ထိုသို့ ကျေးလက်ကုန်ထုတ်လမ်းများ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ်ပြည်ထောင်စုခွင့်ပြုရန်ပုံငွေ ၁၄၀.၆၃သန်းဖြင့် တင်ဒါအောင်မြင်သည့် ပျော်ဘွယ်သားကုမ္ပဏီကတာဝန်ယူပြီး မိတ္ထီလာမြို့နယ် မြောက်လည်ကျေးရွာအုပ်စု ဂွေးကုန်း ကျေးရွာတွင် ကုန်ထုတ်လမ်း အရှည် (၂/၀) မိုင် အကျယ်၁၂ပေရှိ လမ်းကို မြေသားတင်ဂျင်းခင်းခြင်းလုပ်ငန်းနှင့် အရှည် ၁၈ပေ၊ အကျယ် ၅ပေ ၃လက်မ ၊ အမြင့် ၅ပေ ၉လက်မရှိ Slab Culvert ၂ စင်း တည်ဆောက်ခြင်းလုပ်ငန်းများအား သြဂုတ်လ ၂၂ ရက်နေ့မှ စတင်၍ ဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ကျေးလက်ကုန်ထုတ်လမ်းခင်းခြင်းနှင့် Slab Culvert   တည်ဆောက်ခြင်းလုပ်ငန်းများအား ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန(ရုံးချုပ်)မှ ဒုတိယ ညွှန်ကြားရေးမှူး(နည်းပညာ) ဦးတေဇာနေမျိုးဝင်း၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဒေါ်မြင့်ဝင်းနှင့် တာဝန်ရှိသူများက သတ်မှတ်ကာလအတွင်း အရည်အသွေးပြည့်မီစွာ ပြီးစီးနိုင်ရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)