မော်လမြိုင် အောက်တိုဘာ ၂၁
မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ဒေသခံတောင်သူများက ဇွန်လဆန်းပိုင်းမှ စပြီး မိုးစပါးသီးနှံများကို ကြိုးပမ်းစိုက်ပျိုးဆောင်ရွက်ခဲ့ရာ အောက်တိုဘာလဆန်းပိုင်းတွင် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
မော်လမြိုင်မြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် တောင်သူများသီးနှံ ဝင်ငွေတိုးပွားစေရန်နှင့် ပြည်တွင်းစားနပ်ရိက္ခာဖူလုံစေရေးအတွက် တစ်မြို့နယ်လုံး မိုးစပါးသီးနှံစိုက်ဧက ၁၄၅၆၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ ဒေသခံတောင်သူများက သတ်မှတ်လျာထားဧက ပြည့်မီအောင် စိုက်ပျိုးပြီးစီးနိုင်ရေး ဇွန်လဆန်းမှစပြီး မိမိတို့၏လယ်ယာမြေများတွင် တောင်သူလုပ်ငန်းသုံး ကျွဲ၊ နွားများနှင့် လယ်ယာသုံးစက်ကိရိယာများကို အသုံးပြု၍ ကြိုးပမ်းစိုက်ပျိုးခဲ့သဖြင့် ယခုအခါ မြေပြင်စိုက်ပျိုးပြီးစီးမှု ၁၄၆၈၆ ဧက စိုက်ပျိုးနိုင်ခဲ့သည့်အတွက် သတ်မှတ်လျာထားဧကထက် ကျော်လွန်စိုက်ပျိုးပြီးစီးခဲ့ကြောင်း သိရသည်။
“ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီမှာ ဒေသခံတောင်သူတွေ သီးနှံဝင်ငွေတိုးပွားရေးနှင့် ဆန်စပါးစားနပ် ရိက္ခာဖူလုံပိုလျှံစေရေးအတွက် တစ်မြို့နယ်လုံး မိုးစပါး သီးနှံဧက ၁၄၅၆၄ ဧက လျာထားစိုက်ပျိုးခဲ့ရာ မြေပြင်စိုက်ပျိုးပြီးစီးမှုဧက ၁၄၆၈၆ ဧက စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ယခုနှစ် မိုးစပါးစိုက်ပျိုးခြင်းကိုတော့ ဇွန်လဆန်းကစပြီး ဒေသခံတောင်သူတွေက စိုက်ပျိုးခဲ့ကြတာ ဖြစ်ပါတယ်။ မိုးစပါးသီးနှံစိုက်ပျိုးရာမှာလည်း တောင်သူတစ်ဦးချင်းအလိုက် သီးနှံအထွက်နှုန်းတိုးတက်စေဖို့အတွက် ဝန်ထမ်းများက သက်ဆိုင်ရာနယ်မြေအလိုက် တောင်သူတွေကို ကွင်းဆင်းကြီးကြပ်ပြီး မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးကြဖို့၊ စိုက်နည်းစနစ်နဲ့ သွင်းအားစုပစ္စည်းသုံးစွဲနည်းစနစ်တွေ မှန်ကန်စွာအသုံးချဆောင်ရွက်နိုင်ဖို့အတွက် တောင်သူအသိပညာပေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ပေးပါတယ်။ ဒါ့အပြင် နိုင်ငံတော်အစိုးရက ဒေသခံတောင်သူများ မိုးစပါးသီးနှံအဆင်ပြေစွာစိုက်ပျိုးနိုင်ရေးအတွက် ဓာတ်မြေဩဇာများကို သက်သာသောဈေးနှုန်းနဲ့ ဖြန့်ဖြူးရောင်းချပေးထားပါတယ်။ ဒီဒေသမှာ တောင်သူတွေ အများဆုံးစိုက်ပျိုးတဲ့ စပါးမျိုးတွေကတော့ ဧရာမင်း၊ မနော သုခ၊ ဆင်းသုခ၊ ပေါ်ဆန်းရင်စတဲ့ စပါးမျိုးတွေကိုစိုက်ပျိုးကြပါတယ်။ မော်လမြိုင်မြို့နယ်က စိုက်ပျိုးရေးအဆင်ပြေတဲ့အပြင် ရာသီဥတုလည်း မျှတကောင်းမွန်တဲ့အတွက် မိုးစပါးသီးနှံစိုက်ပျိုးရေးလုပ်ငန်းက နှစ်စဉ်အောင်မြင်ဖြစ်ထွန်းမှုရှိပါတယ်”ဟု မော်လမြိုင်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးဒေါ်ဝါဝါရီကပြောသည်။
မော်လမြိုင်မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများသည် ဒေသတွင်းဆန်စပါးစားနပ်ရိက္ခာ ဖူလုံပိုလျှံစေရန်နှင့် သီးနှံဝင်ငွေတိုးပွားစေရန်အတွက် နှစ်စဉ် မိုးသီးနှံစိုက်ပျိုးရာသီတွင် စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်ကြကြောင်းသိရပြီး ယခုနှစ်တွင်လည်း မိုးစပါးသီးနှံစိုက်ပျိုးခြင်းကို အားသွန်ခွန်စိုက်ကြိုးပမ်းစိုက်ပျိုးခဲ့မှုကြောင့် သတ်မှတ်လျာထားဧကထက် အောင်မြင်စွာ ကျော်လွန်စိုက်ပျိုးနိုင်ကြောင်း သိရှိရသည်။
ခင်စန်းမြင့်ပြန်/ဆက်